ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး-မိုင်းပွန် ကားလမ်းပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား အိမ်စီးကားတစီး ပစ်ခတ်ခံရရလို့ အမျိုးသားနှစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရပါတယ်။
ပစ်ခတ်ခံရတဲ့ အမျိုးသားနှစ်ယောက်ဟာ ဟိုပုံး-မိုင်းပွန် လမ်းပေါ် ထမ်းစမ်းဂူအနီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဂိတ်မှာ ကားရပ်မပေးလို့ဆိုပြီး စစ်တပ်က ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
ပုံးအယ်ရွာခံတဦးက “ထမ်းစမ်းအရှေ့ဘက်လည်း တိုက်ပွဲဖြစ်တယ်။ အဲဒါ သူတို့က တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ။ ပစ်ခတ်ခံရတဲ့သူက ပုံးအယ်ရွာကလို့ သိရတယ်။ တယောက်က ခေါင်းထိထားတယ်။ တယောက်က လက်မောင်းထိထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်၊ PNO ပူးပေါင်းအဖွဲ့ နဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့အကြား ဖေဖော်ဝါရီ ၂၀ ရက်က တိုက်ပွဲစတင်ဖြစ်ပွားပြီး ဖေဖော်ဝါရီ ၂၁ ရက်ကလည်း တနေကုန် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်တာကြောင့် မိုင်းပွန်မြို့အဝင် ဂိတ်တံတားကိုလည်း စစ်ကောင်စီက ပိတ်လိုက်ပြီး ခရီးသွားကား၊ ကုန်တင်ကားတွေလည်း ပိတ်မိနေပါတယ်။
မိုင်းပွန်မြို့ခံတဦးက “လက်နက်ကြီးတွေလည်း ပစ်တယ်။ လေကြောင်းနဲ့လည်း လာပစ်တယ်။ ဟိုပုံး-မိုင်းပွန် ထမ်းစမ်းဂူအကျော်မှာရှိတဲ့ ရွာသားအကုန်လုံး တောထဲထွက်ပြေးရတယ်။ မြို့အဝင်ဂိတ်လည်း ပိတ်ထားတော့ ကားတွေလည်း အများကြီးပိတ်မိတယ်။ ပိတ်မိတဲ့ ကားတွေ များလို့ လေကြောင်းနဲ့ လာတိုက်ခိုက်ခံရမှာလည်း ကြောက်နေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်နဲ့ ပစ်ခတ်တာကြောင့် ဟိုပုံး-မိုင်းပွန် ကားလမ်းဘေးရှိ ကျေးရွာက အရပ်သားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ဆိုပါတယ်။
အခုလတ်တလောမှာတော့ တော်လှန်ရေးတပ်ဘက်ရော စစ်ကောင်စီဘက်ပါ အင်အားဖြည့်တင်းနေပြီး စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။