ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံး - မိုင်းပွန် - လွိုင်လင် လမ်းမ၊ မိုင်းပွန်အနီးမှာ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၁ နာရီခန့်ကစလို့ လမ်းပိတ်ထားပြီး ခရီးသွားကားတွေ အများအပြား ပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ၊ PNO ပူးပေါင်းအဖွဲ့ နဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့အကြား ဖေဖော်ဝါရီ ၂၀ ရက်ကစ တိုက်ပွဲ ပြင်းထန်လာပြီးနောက် အခုလို လမ်းတွေ ပိတ်ထားတာဖြစ်ပါတယ်။
ကုန်တင်ယာဉ်မောင်း တဦးက "ကျနော် မိုင်းပွန်မြို့ထဲမှာ။ စစ်ဖြစ်နေလို့ ပိတ်မိနေတာ။ ဒီနေ့အတွက်က လုံးလုံး လမ်းမမြင်ဘူး။ လမ်း မဖွင့်ဘူး။ အရှေ့သွားဖို့အဆင်းကားကတော့ လုံးဝ အဆင်မပြေဘူး။ အတက်ကားကာတော့ ပြတ်တောက်၊ ပြတ်တောက် ထွက်လာတာတော့ တွေ့တယ်။ ကားလေးပဲတွေ့တာ။ ကားကြီး မရှိဘူး။ လုံးလုံး ပိတ်ထားတဲ့ အနေအထား ဖြစ်နေတာ" လို့ ပြောပါတယ်။
စစ်တပ်နဲ့ PNO က PNLA အဖွဲ့ တောင်ကြီးမြို့ထဲဝင်မှာ စိုးလို့ ဟိုပုံး ကနေ အဓိက ပိတ်ထားချင်တဲ့ သဘောရှိပြီး မိုင်းပွန် တံတားကို တိုက်ပွဲ စဖြစ် ကတည်းက ပိတ်ထားကာ ကားကြီးရော ကားလေးတွေပါ သွားမရတဲ့ အပြင် တချို့ ရှေ့မှာ ရောက်နေတဲ့ ကားတွေတောင် ပြန်လှည့်လာ ကြတာလို့ ယာဉ်မောင်းက ပြောပါတယ်။
အဲဒီ လမ်းအသွားအလာကို မနေ့ မနက် ၁၁ နာရီလောက်က ပိတ်လိုက်ပြီး ညနေပိုင်း ၄ နာရီခွဲလောက်မှာ ခဏ ဖွင့်ပေးကာ ပြန်ပိတ်သွားတယ်လို့ ဒေသခံအမျိုးသား တဦးက ပြောပါတယ်။
"ကားအငယ်လေးတွေ ၈ စီး၊ ၁၀ စီးလောက် ပေးသွားပြီး ပြန်ပိတ်တာ။ အခုညအထိ လက်နက်ကြီးတွေ ပစ်နေတုန်းပဲ။"
တိုက်ပွဲက မိုင်းပွန်အနီး ပုံးအယ်ရွာနဲ့ နမ့်ဗော်ခမ်းရွာ ဖြစ်ပွားနေပြီး မိုင်းပွန်တံတား၊ လွိုင်လင်၊ ထမ်စန်း စတဲ့ နေရာတွေမှာ ပိတ်ထားပြီး မနေ့ မနက်ပိုင်းထက် ညနေပိုင်းက အခြေအနေ ပိုဆိုးလာတယ်လို့ သူက ရှင်းပြပါတယ်။
"ရွာဘက်ကတော့ ပြေးကုန်ပြီ သက်ကြီးရွယ်အို အနည်းငယ်ကျန်တယ်လို့ ပြောကြတယ်။ မိုင်းပွန်မှာကောပဲ စစ်တပ်နဲ့ နီးတဲ့သူတွေ မြို့ထဲပြေးဝင်ကုန်ပြီ။ အခြေနေမဟန်တော့ဘူးလို့ ပြောကြတယ်။"
ရွာဘက် နေအိမ်တွေ ထိခိုက် ပျက်စီးနေတာရှိတယ်လို့ သိရပေမဲ့ အဆက်အသွယ် ခက်ခဲနေပြီး ထိခိုက်မှုတွေ အတိအကျမသိရဘူးလို့ သူကပြောပါတယ်။
ဟိုပုံးမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၂၀ ရက်ကစ PNLAနဲ့ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်နေပြီး ဆီဆိုင်မြို့ကိုလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေတာလို့ သိရကြောင်း ဒေသခံတွေဆီက သိရပါတယ်။