အစ္စရေးက ဂါဇာကမ်းမြောင်ရှိ ဒယ်ယာဘာလာမြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ဖေဖော်ဝါရီ ၂၁ ရက်က ပါလက်စတိုင်း ၆ ဦးထက် မနည်း သေဆုံးတယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးဒုံးကျည်တွေက ကားတစီးကို ၂ ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အခင်းဖြစ်ရာ နေရာက ပါလက်စတိုင်း အမျိုးသား မွတ်စာ ခတ်တက်ဘ်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာမှာ လူတွေက အပျက်အစီးတွေထဲကနေ အလောင်းတွေကို ဆွဲထုတ်ပြီး လူနာတင်ယာဉ်တွေနဲ့ သယ်သွားတာကိုလည်း တွေ့ရပါတယ်။
အစ္စရေးရဲ့ ဝေဟင်နဲ့ မြေပြင် တိုက်ခိုက်ရေးကြောင့် ပါလက်စတိုင်း ၂၉,၁၉၅ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် အယောက် ၆၉,၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ အခြေစိုက် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးဟာ ဂါဇာကိုသာမက ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်က ကာဖစ်သ် ဆူဇာခရိုင်ကိုပါ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပစ်ခတ်ခဲ့လို့ လူနေတိုက်ခန်းတွဲ တခုကို ဒုံးကျည်အစီးရေ အတော်များများ ထိမှန်ခဲ့တယ်လို့ ဆီးရီးယား အစိုးရမီဒီယာက ဖော်ပြပါတယ်။
ဒီရပ်ကွက်ဟာ လူနေအဆောက်အအုံတွေ၊ ကျောင်းတွေ၊ အီရန်ယဉ်ကျေးမှုဌာနတွေနဲ့ လုံခြုံရေး အေဂျင်စီတွေသုံးတဲ့ လုံခြုံရေး အကြီးအကျယ် တင်းကျပ်ထားတဲ့ အဆောက်အအုံကြီးတခု အနားမှာ ရှိနေတာပါ။
ဒေသစံတော်ချိန် မနက် ၉ နာရီ မိနစ် ၄၀ ဝန်းကျင်က တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ အရပ်သားတွေ ဖြစ်ကြပြီး တခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက် သတင်းရင်းမြစ်ကို ကိုးကားပြီး ဆီးရီးယားနိုင်ငံပိုင်ရုပ်သံက ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံပိုင်မီဒီယာက အထပ်ပေါင်းများစွာ မီးလောင်ကျွမ်းနေတဲ့ အဆောက်အအုံရဲ့ ဘေးဘက်ခြမ်းကို ပြသထားတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ သူ့ရဲ့ ရည်မှန်းချက်ကို မအောင်မြင်ခဲ့ဘူးလို့ လုံခြုံရေးသတင်းရင်းမြစ်က ပြောဆိုခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက အီရန် စစ်ဘက်ပညာရှင်တွေ သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှု တခုမှာလည်း ဒီခရိုင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ လက်ရှိ တိုက်ခိုက်မှုအပေါ် အစ္စရေးစစ်တပ်က ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
အီရန်ဟာ ၁၂ နှစ်နီးပါးကြာ ဆီးရီးယား ပဋိပက္ခအတွင်း သမ္မတ ဘာရှား အလ်-အာဆဒ်ကို အဓိက ကျောထောက်နောက်ခံပေးခဲ့တာပါ။
ဒမတ်စကတ်နဲ့ လက်ဘနွန်အဖွဲ့ ဟစ်ဇ်ဘိုလာတို့ကို အီရန်က ထောက်ခံအားပေးမှုကြောင့် တီဟီရန်ရဲ့ နယ်မြေပိုင်နက်ဆိုင်ရာ စစ်ရေးအာဏာကို တားဆီးဖို့ အစ္စရေးတို့က ပုံမှန်လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ တိုက်ခိုက်ပြီးကတည်းက ဒေသတွင်း တင်းမာမှုတွေက အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ပါတယ်။
ဒီဇင်ဘာလကတည်းက ဆီးရီးယားနိုင်ငံကို သံသယရှိစရာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်တော်လှန်ရေး အစောင့်တပ်မှ အရာရှိ ဒါဇင်ထက်ဝက်ကျော် သေဆုံးခဲ့ပါတယ်။
Source/Photo - Reuters