ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို သိရှိပြီး စစ်တပ်ထဲ ဝင်လာစေဖို့ အရပ်သားတွေကို လက်ကမ်းစာစောင်တွေပေးကာ လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ စစ်ကောင်စီခန့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ထွေအုပ်ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေက ကွင်းဆင်း စည်းရုံးနေတာလို့ ဆိုပါတယ်။
အိမ်မဲဒေသခံတယောက်က “စာစောင်ပေးတော့ ယူထားလိုက်တယ်။ ပါးစပ်ကလည်း ပြောစည်းရုံးတယ်။ နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ရတာ စစ်ထဲဝင်ပေါ့။ စိတ်မဝင်စားဘူး၊ ဝင်လည်း မဝင်ချင်ဘူး၊ ကြောက်တယ်၊ ဘာတွေဖြစ်လာမယ်တော့ မသိဘူး” လို့ ပြောပါတယ်။
လက်ကမ်းစာစောင်ထဲမှာ မဖြစ်မနေ စစ်မှုထမ်းရမယ့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမယ့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းဖို့ ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းက ကင်းလွတ်ခွင့်ရှိသူ၊ စိုးရိမ်ရန်မလိုဖို့၊ ပြည်သူ့စစ်မှုထမ်းခြင်း ဥပဒေအရ စစ်မှုမထမ်းဘဲ တိမ်းရှောင်နေရင် ထောင်ဒဏ် ၅ နှစ် ကျခံရမယ့်အကြောင်း အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ စည်းရုံးတဲ့အကြောင်းတွေ ရေးသားထားတာလို့ ဆိုပါတယ်။
အိမ်မဲမြို့က လူငယ်တယောက်က'' ဒါက ကျနော်တို့ပြည်သူတွေကို အနုနည်းနဲ့ စည်းရုံးနေတာပါ။ အကြမ်းနည်းတွေ လာပါလိမ့်မယ်။ မင်းအောင်လှိုင်မှာ ညစ်ပတ် ကောက်ကျစ်တဲ့နည်း အစုံရှိတယ်ဆိုတာ အားလုံးအသိပဲဗျာ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေက ဘာမဆို လုပ်တယ်။ ကျနော်တို့ သဘောထားဆို သူတို့စစ်တပ်ထဲတော့မဝင်တော့ဘူး။ PDF ထဲပဲ ဝင်သွားမယ်”လို့ ပြောပါတယ်။
အိမ်မဲမြို့နယ်မှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ လက်ကမ်း စာစောင်ပေး စည်းရုံးနေတဲ့အပြင် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို မလေ့လာပဲ အရပ်ထဲမှာ စစ်တပ်ကိုအပုပ်ချ ပြောဆိုရင် ဖမ်းဆီး အရေးယူမယ့်အကြောင်းနဲ့ စစ်မှုထမ်းဖို့ ရှောင်နေရင်လည်း ထောင် ၅ နှစ်အထိချခဲရမှာလို့ စစ်သားတွေက နှုတ်နဲ့ပြောဆို သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒါ့အပြင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေထုတ်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်က အာဏာတည်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီး အရပ်သား လူငယ် တွေကို စစ်မှုထမ်းခေါ်ကာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ခုခံတဲ့နေရာမှာ ဓားစာခံအဖြစ် အသုံးပြုဖို့လုပ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။