အီရန်က နျူးကလီးယားလက်နက်တွေမှာ အသုံးပြုဖို့အတွက် မြန်မာနိုင်ငံမှ နျူးကလီးယား ကုန်ကြမ်းပစ္စည်းတွေကို မှောင်ခိုသယ်ဆောင်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ဂျပန် ယာကူဇာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် တာကဲရှိ အက်ဘီဆာဝါကို အမေရိကန် အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ စွဲချက်တင်ခဲ့ကြောင်း တရားရေးဌာနက ပြောပါတယ်။
မူးယစ်ဆေးဝါး၊ လက်နက်တွေနဲ့ နျူးကလီးယားပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေတဲ့ အသက် ၆၀ နှစ်အရွယ် ယာကူဇာခေါင်းဆောင် အက်ဘီဆာဝါနဲ့ ပူးတွဲတရားခံ အသက် ၆၁ နှစ်ရှိ ဆွမ်ဟော့ပ် ဆင်ဂါစီရီတို့ဟာ နျူးကလီးယားလက်နက်အတွက် အီရန်က အသုံးပြုလိမ့်မယ်လို့ အပြည့်အဝ မျှော်လင့်ထားတဲ့ ယူရေနီယံနဲ့ လက်နက်အဆင့်ရှိ ပလူတိုနီယမ်တို့ကို ကမ်းလှမ်းဖို့ လုပ်ဆောင်နေတာလို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အကြီးအကဲ အန်းန် မီလ်ဂရမ်က ပြောပါတယ်။
သူတို့နှစ်ဦးလုံးကို ဖမ်းဆီးထိန်းသိမ်းထားဖို့ အမိန့်ထုတ်ထားကြောင်း ဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အက်ဘီဆာဝါဟာ မြန်မာနိုင်ငံမှ နျူးကလီးယားပစ္စည်းတွေနဲ့ သေစေလောက်တဲ့ မူးယစ်ဆေးဝါးတွေကို ရောင်းချပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် စစ်လက်နက်တွေဝယ်ယူဖို့ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲခံထားရကြောင်း လက်ထောက်ရှေ့နေချုပ် မက်သယူး အိုလ်ဆန်က ပြောပါတယ်။
အက်ဘီဆာဝါနဲ့ ဆင်ဂါစီရီတို့နှစ်ဦးကို နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်နက်ပြစ်မှုတွေနဲ့ ၂၀၂၂ ခုနှစ်က တရားစွဲဆိုထားပြီး အစားထိုး စွဲချက်ထဲမှာ အခု နျူးကလီးယားပစ္စည်းများ မှောင်ခိုသယ်မှု စွဲချက်အသစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။
Source/Photo-Reuters