ဥရောပဟာ တရုတ်နိုင်ငံကို အကျိုးသင့်အကြောင်းသင့် ရှုမြင်တတ်လာပြီဖြစ်ပြီး တရုတ်ကို ကြောက်စရာမလိုကြောင်း နားလည်လာပြီဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့ပါတယ်။
“ဥရောပက တရုတ်ကို အကျိုးသင့်အကြောင်းသင့် မြင်လာတတ်ပြီလို့ ခံစားမိပါတယ်။ တရုတ် တိုးတက်မှုဟာ သမိုင်းယုတ္တိနဲ့အညီ ဖြစ်တယ်။ ဥရောပက ဒါကို လက်မခံစရာ အကြောင်းမရှိဘူး။ မကြောက်သင့်ဘူးဆိုတာ မြင်လာကြပြီလို့ ကျနော် ထင်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်တဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ဝမ်ဟာ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်ကို ခရီးထွက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဥရောပရဲ့ စွန့်စားရမှုလျှော့ချရေး (de-risk) ဟာ တရုတ်လွှမ်းမိုးမှုလျှော့ချရေး မဖြစ်သင့်ဘူးဆိုတာကို အဓိကထား ပြောသွားခဲ့ပါတယ်။
ပူးပေါင်းဆောင်ရွက်မှုတွေ အဆုံးမသတ်သင့်ဘူး၊ အပြန်အလှန်ယုံကြည်မှု မလျှော့သင့်ဘူး ဆိုတာကိုလည်း ဝမ်က နားချခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အချိန်မှာ ဥရောပနိုင်ငံတွေက ဝိုင်းဆန့်ကျင်ကြတော့ ဓာတ်ငွေ့ဖြတ်တောက်မှုနဲ့ ရုရှားက ပြန်ပညာပြတဲ့ သင်ခန်းစာရသွားတဲ့ ဥရောပနိုင်ငံတွေဟာ de-risk ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလာကြပါတယ်။
အခုလည်း အရေးကြီးတဲ့ သယံဇာတတွေ တင်သွင်းဖို့ တရုတ်နိုင်ငံကို အဓိကမှီခိုနေတာကို လျှော့ချမယ့် မဟာဗျူဟာတွေ ချမှတ်ဖို့ ဥရောပနိုင်ငံတွေ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဥရောပနိုင်ငံတွေဆီ ချက်ချင်းသွားရောက် ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မလျှော့ချဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေကလည်း သူတို့ဟာ တရုတ်နဲ့ အဆက်ဖြတ်ဖို့ အစီအစဉ် မရှိဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။
Source/Photo-Reuters