အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေတွေကနေ ချက်ချင်းဆုတ်ခွာပေးဖို့ အမိန့်မချသင့်ဘဲ ပဋိပက္ခအတွက် အဖြေတခု စဉ်းစားရာမှာ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးကိုပါ ထည့်စဉ်းစားဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ အမေရိကန်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က လျှောက်လဲခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ယာယီဥပဒေအကြံပေးပုဂ္ဂိုလ် ရစ်ချက်ဗီဆက်က “အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြောင်ကနေ အစ္စရေး ပြန်ဆုတ်ခွာဖို့ဆိုရင် အစ္စရေးရဲ့ လုံခြုံရေးလိုအပ်ချက်တွေကိုပါ စဉ်းစားဖို့လိုပါတယ်”လို့ ICJ တရားသူကြီးတွေရှေ့မှာ လျှောက်လဲခဲ့ပါတယ်။
သီတင်းတပတ်ကြာမြင့်မယ့် ကြားနာမှုမှာ နိုင်ငံပေါင်း ၅၀ ကျော်က ပါလက်စတိုင်း နယ်မြေတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ICJ မှာ တင်ပြကြတာဖြစ်ပြီး အစ္စရေးဘက်က ရပ်တည်လျှောက်လဲတဲ့နိုင်ငံ ရှားပါးတာကိုပါ မြင်တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း အမေရိကန်က ဗီတိုနဲ့ ပယ်လိုက်တဲ့ ဂါဇာမှာ ချက်ချင်းအပစ်ရပ်ရေး ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ၁၃ နိုင်ငံက ထောက်ခံခဲ့တာဖြစ်ပြီး ဗြိတိန်တနိုင်ငံပဲ မဲမပေးဘဲ နေခဲ့တာပါ။
ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးက သိမ်းပိုက်ထားတာနဲ့ပတ်သက်လို့ ICJ ရဲ့ သဘောထားကို အခုနှစ် နွေရာသီလောက်မှာ ထုတ်ပြန်သွားမှာဖြစ်ပြီး သိမ်းပိုက်ထားမှုဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ရင် နိုင်ငံရေးနဲ့ ဥပဒေရေးအရ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
Source/Photo-REUTERS/Piroschka van de Wouw