စစ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ ကနီမြို့နယ် အလောင်းတော်ကဿဖ အမျိုးသားဉယျာဥ်အတွင်း CDM ပြုလုပ်ထားပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ CDM ဆင်ဦးစီးမိသားစုတွေအတွက် ဆန်၊ ဆီနဲ့ ငွေကြေးတွေ လှူဒါန်းထောက်ပံ့နိုင်ဖို့ ကျောက်လုံးကြီးအဖွဲ့နဲ့ ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့က အလှူခံနေပါတယ်။
အလှူခံတာတွေကို ကနီမြို့နယ်အတွင်းက ကျေးရွာတွေဆီကို လှည့်လည် အလှူခံနေကြတာလို့ ဒေသခံတွေထံက သိရပါတယ်။
ကနီမြို့နယ် ကျေးရွာတရွာမှ ဦးတူးက “ကျနော်တို့ ပြည်သူတွေနဲ့ တသားတည်းရပ်တည်တဲ့ ဘယ် CDM ဝန်ထမ်းမျိုးကိုမဆို လှူဒါန်းပေးဖို့ရာ အဆင်သင့်ရှိပါတယ်။ ဒီရာသီက ကျနော်တို့ ဒေသခံတောင်သူတွေ သီနှံရိတ်သိမ်းပြီး ရောင်းချထားတဲ့အချိန်လည်းဖြစ်တော့ လှူဒါန်းရတာလည်း လူတိုင်းလိုလို လှူဒါန်းနိုင်ကြတယ်။ အာဏာရှင်ကို တော်လှန်တဲ့ ပြည်သူအချင်းချင်းကတော့ တခုရှိရင် တဝက်စီ ခွဲစားရမှာပဲဗျ။ မလှူရသေးတဲ့ ရွာတွေကလည်း လှူဒါန်းပေးပါဦး” လို့ ပြောပါတယ်။
ဆင်ဦးစီးမိသားစုတွေဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကာ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး သူတို့အတွက် ပြည်သူရဲ့ လှူဒါန်းပစ္စည်းတွေကို မတ်လ ပထမအပတ်မှာ သွားရောက်ပေးအပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဗိုလ်နှုတ်ခမ်းမွေးက “ကျနော်တို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး အလှူခံစခဲ့တာ။ အခု ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အလှူခံရငွေ ၃၅ သိန်း၊ ဆန် တင်း ၁၀၀ ကျော်၊ ဆီအချိန် ၂၀ ခန့်၊ ဆားအချိန် ၃၀ ကျော်၊ ပဲအမျိုးမျိုး ၃ တင်းခန့်၊ ဆပ်ပြာမှုန့်၊ အခဲ စတာတွေ ရရှိပါတယ်ဗျ။ နောက်ထပ် ကျေးရွာတွေကိုလည်း အလှူခံနေဆဲဖြစ်တာကြောင့် စာရင်းအတိအကျကတော့ သွားရောက်လှူဒါန်းတဲ့ အခါကျမှပဲ ပြောလိုရတော့မယ်” လို့ ပြောပါတယ်။
CDM ဆင်ဦးစီးမိသားစု ၃၃ စုနဲ့ CDM ဆင်တွေကို စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကနီမြို့နယ် ကျောက်လုံးကြီးဆရာတော်က ဦးဆောင်ပြီး ၂၀၂၁ ခုနှစ်က ပထမအကြိမ် ဆန်တင်း ၇၀ ကျော်၊ ငွေသား ကျပ် ၃,၁၆၂,၉၀၀ နဲ့ ဆီ၊ ဆား အစရှိတဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
ဒုတိယအကြိမ်အဖြစ် ၂၀၂၃ ဇန်နဝါရီလမှာ ဆန် ၁ တင်းခွဲ ၃၂ အိတ်၊ ကနီမြို့ ပြည်သူတွေက ငွေ ၄၀၅,၀၀၀ ကျပ်နဲ့ ကနီမြို့နယ် လူသားချင်းစာနာအဖွဲ့က ကျပ်သိန်း ၁၀၀ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။