Home
မြန်မာသတင်း
ရွှေပြည်အေးမြို့ကို ပြန်သိမ်းရန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ
DVB
·
February 22, 2024
Home-Ma-Lin-Tsp

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီက နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြု လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။

စစ်ကောင်စီက ရွှေပြည်အေးမြို့ကို ပြန်သိမ်းနိုင်ဖို့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်နဲ့ကပ်ရပ် ဖောင်းပြင်မြို့ရဲ့ ပတ်ဝန်းကျင်က စစ်ကောင်စီစခန်းအားလုံးနီးပါးကို တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး မြို့ပတ်ခြာလည်မှာ သိမ်းယူဖို့ စခန်းတခုသာ ကျန်တော့တယ်လို့ သိရပါတယ်။

ရွှေပြည်အေးဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်နေတာကိုလျှော့ချဖို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ဖောင်းပြင်မြို့ဘက်ကို ပြန်ဖိအားပေးနေတာဖြစ်ပါတယ်။

ဟုမ္မလင်းဒေသခံတဦးက "ရွှေပြည်အေးမြို့သစ်၊ သူတို့ကလည်း ပြန်လုနေတာ၊ တောင့်ခံထားတာနော်။ လေယာဉ်နဲ့ကတော့ လာပစ်နေတယ် နေ့တိုင်းနီးပါးလောက် တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကို လာလာပြီးတော့ပစ်နေတာ၊ လောလောဆယ်တော့ ရွှေပြည်အေးက ခုချိန်ထိတော့ တော်လှန်ရေးအင်အားစုဘက်က လွှမ်းမိုးထားတုန်းပဲ။ စစ်ကိုင်းတိုင်းထဲက ချင်းတွင်းရိုးမှာကြတော့ ရွှေပြည်အေးမြို့သစ်ကိုက မြို့သိမ်းတိုက်ပွဲလုပ်ထားတာဖြစ်တဲ့အတွက် ပစ်မှတ်အများစုက ရွှေပြည်အေးကိုလုပ်နေတာများတယ်။ ဒါပေမဲ့လည်း ဖောင်းပြင်မြို့နယ်ကလည်း မြို့နားပတ်ခြာလည်မှာ စခန်းတခုပဲ ကျန်တော့တာ သိမ်းစရာက။ ကျန်တဲ့ဟာတွေက သိမ်းပြီးပြီဆိုတော့။ အဲ့ဒီစခန်းကိုသိမ်းပြီးရင်တော့ မြို့ပဲကျန်တော့မှာပေါ့နော်။ ဖောင်းပြင်မြို့နယ်ထဲကို ဒီနေ့မှာတောင်မှ သစ်တော၊ ဇောင်းကလော၊ အလယ်ကျွန်းတို့ဘာတို့မှာ ဗုံးတွေ ၁၆ လုံးလာချသွားတယ်။ ဟုမ္မလင်းက MI 2 က လုပ်သွားတာ။ အဲ့ဒီနားက ဝေဟင်သတင်း အမြဲတမ်း ပေးပို့နေတာဖြစ်တော့ ဗုံးခိုကျင်းတွေ လုပ်ထားတာတွေရှိတယ်။ ထိခိုက်မှုတော့ တအားကြီးတော့မဖြစ်ဘူး။"

တော်လှန်ရေးအင်အားစုတွေက စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို ၂၀၂၃ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ သိမ်းယူခဲ့ပြီး အချိန် ၂ လကျော်အကြာမှာ ကောလင်းမြို့ကို ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၁၂ ရက်နေ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီနဲ့ယာယီအပစ်ရပ်ပြီးနောက် စစ်ကိုင်းနဲ့ရခိုင်ပြည်နယ်က လက်လွှတ်ထားရတဲ့နယ်မြေတွေကို ပြန်ရယူဖို့ စစ်ကောင်စီက ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကိုင်းအထက်ပိုင်း ကောလင်းမြို့ကို စစ်ကောင်စီက ပြန်ထိန်းချုပ်ပြီးနောက် ကောလင်းနယ်နဲ့ကပ်လျက် ကန့်ဘလူနယ်ကိုပါ ဆက်ပြီးထိန်းချုပ်ဖို့ စစ်ကောင်စီက ဆက်တိုက်ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့ကို ပြန်သိမ်းရာမှာလည်း စစ်ကောင်စီက ကန့်ဘလူနယ်ထဲက ပျူစောထီး ခေါင်းဆောင် ဦးဝါသဝရဲ့ တပ်တွေရဲ့အားကိုယူခဲ့ပြီး လတ်တလောမှာ ရွာစဉ်လှည့်ပြီး ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေတာပါ။

ဖေဖော်ဝါရီ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့က ကန့်ဘလူနယ်ထဲကိုဝင်ခဲ့တဲ့ စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ ကျေးရွာ ၅ ရွာက ပြည်သူ ၇ ယောက်ရဲ့ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူ-ဒေါင်းရာဇာအဖွဲ့မှ ကိုကနောင်က "ဒီဘက်မှာ ပြည်သူတွေ အသတ်ခံရတာ နည်းတာမဟုတ်ဘူး။ နှောကုန်းရယ်၊ သင်တောရယ်၊ ကန်ကြီး၊ ပေါက်တော၊ ဆားကျင်းရယ်ပါဗျာ။ အဲ့ဒါပြည်သူတွေလေ။ စုစုပေါင်းရင် အပြစ်မဲ့ပြည်သူ ၇ ယောက် ရင်တွေခွဲထားခဲ့တယ်၊ လက် ၂ ဖက်လုံးဖြတ်ထားခဲ့တယ်၊ ခေါင်းဖြတ်တယ်။ ကန့်ဘလူဘက်ကနေထွက်ခဲ့တဲ့စစ်ကြောင်း ဟိုတနေ့ကမှ ဝင်သွားတဲ့စစ်ကြောင်းဗျ ကန့်ဘလူကိုလေ။ ၁၇၊ ၁၈ မှာ ကန့်ဘလူကိုဝင်သွားတယ်။ ကန့်ဘလူမြောက်ခြမ်းကနေ ဘယ်ထိရောက်လဲဆိုတော့ ပေါက်ဆိန်ကုန်းရွာတွေအထိ ရောက်သွားတယ်။ အိမ်တွေမီးရှို့တယ်။ ပြည်သူ့စပါးတွေ၊ ဆန်တွေအကုန်လုံးသယ်တယ်။ အိုးအိမ်တွေမီးရှို့သွားတယ်။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တယ်။ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအကုန်လုံး စကစတွေနဲ့ မပတ်သက်ပါနဲ့၊ ပျူတွေထဲထပ်မဝင်ပါနဲ့လို့ ကျနော် ထပ်တော့ ပြောချင်တယ်ဗျ။ ကောလင်းအခြေအနေကတော့ ကိုယ့်ဘက်ကတော့ သိပ်အဆင်မပြေဘူးလို့ ကြားနေတာပဲဗျ" လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို ၂၀၂၃ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ သိမ်းယူခဲ့ပြီး အချိန် ၂ လကျော်အကြာမှာ ကောလင်းမြို့ကို ပြန်လက်လွှတ်ခဲ့ရတာပါ။ 

ဇန်နဝါရီ ၁၂ ရက်နေ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီနဲ့ ယာယီ အပစ်ရပ်ခဲ့တဲ့နောက်ပိုင်းမှာ စစ်ကိုင်းတိုင်းထဲက လက်လွှတ်ခဲ့ရတဲ့မြို့တွေကိုပြန်သိမ်းဖို့  စစ်ကောင်စီက ဆက်တိုက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024