Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၊ ဆောင်းငဲင်းကျေးရွာရှိ စစ်ရှောင် ကလေးငယ် ၁၀၀ ကျော်ကို ဟိုနမ့်သို့ ပြောင်းရွှေ့
DVB
·
February 22, 2024
Saung Nging IDPs Kids_22022024

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊  ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ဆောင်းငဲင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းအန္တရာယ် စိုးရိမ်ရတဲ့အတွက် ရွာထဲက အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၀ ကျော်ကို မောက်မယ်မြို့နယ် ဟိုနမ့်စံပြကျေးရွာဆီ ပြောင်းရွှေ့ထားပါတယ်။

ဆောင်းငဲင်းကျေးရွာအနီး လွယ်ပွတ်ကျေးရွာနဲ့ တောင်ဘက်တကြောရှိ ကျေးရွာ ၅ ရွာမှာ တိုက်ပွဲဖြစ်နေပြီး ဆောင်းငဲင်းကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လာတာ ရှိခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။

ဆောင်းငဲင်းကျေးရွာ ရွာခံအမျိုးသားတဦးက “လေယာဉ်တွေနဲ့ ဆီဆိုင်ဘက်ကို ဆင်းဆင်းသွားတာလေ။ ဗုံးကြဲတာ လွယ်ပွတ်မှာဆို အိမ်တွေပြို လူတွေထိကုန်တာနဲ့ ရွာထဲက တချို့လည်း ပြေးတယ်။ ကလေးတွေက အရမ်းများတော့ ကျေးရွာကော်မတီတဦးနဲ့ ဟိုနမ့်မှာ ခဏသွားရှောင်ခိုင်းထားတယ်၊ စာမေးပွဲလည်း မဖြေရဘူး” လို့ ပြောပါတယ်။

ကလေး ၁၀၀ ကျော်အတွက် ရပ်ရွာရန်ပုံငွေတချို့ကို သုံးစွဲထားပြီး နေထိုင်ဖို့ကိုတော့ ဟိုနမ့် ဘုန်းကြီးကျောင်းကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။

လသားအရွယ်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကတော့ တောင်ကြီးမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတွေမှာ သွားရောက်စစ်ရှောင်နေကြပါတယ်။

လက်ရှိမှာတော့ ဆီဆိုင်မြို့ပေါ်အပြင် မြို့မြောက်ပိုင်းက ဘန်းယဉ်၊ နောင်မွန်၊ ထမ်းယံ၊ ပဆျားကြိုးကျေးရွာနဲ့ ဟိုပုံး၊ ဆီဆိုင်နယ်စပ်နားက လုံးဟီး၊ ကျောက္ကဆျားကျေးရွာနဲ့ လွယ်မော်တောင်အနီးမှာ စစ်ကောင်စီတပ်၊ လက်အောက်ခံ ပအိုဝ်းအမျိုးသားပြည်သူ့စစ် PNA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်တပ်မတော် PNLA တို့အကြား တိုက်ပွဲဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024