စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်ရွာက စစ်ဘေးရှောင်တွေကို ပေးသောလက် ပရဟိတအဖွဲ့က ကျပ်သိန်း ၅၀ ကျော်ဖိုးရှိ ဆန်နဲ့ အသုံးအဆောင် ပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်က စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်အတွက် ဆန်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ရေပုံး စတဲ့ အသုံးအဆောင်ပစ္စည်း ၈ မျိုးကို ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
ပေးသောလက် ပရဟိတအဖွဲ့ တာဝန်ရှိသူတဦးက “၅၅ သိန်းကျော်ဖိုး ထောက်ပံ့ခဲ့တာပါ။ ဒေသနယ်မြေအောက်ခြေထိ ကိုယ်တိုင်သွားလာနေရတာမို့ စစ်ဘေးသင့်ပြည်သူတွေရဲ့ ခက်ခဲမှုဒုက္ခတွေ လက်တွေ့မြင်နေရတာမို့ ရင်ထဲလည်း ကိုယ့်မိသားစုသဖွယ် ထိခိုက်နာကျင်ရပါတယ်။ ဒါကြောင့် ကျနော်တို့ ပရဟိတအဖွဲ့ ပိုပြီး ကြိုးစားပေးသွားမှာဗျ” လို့ ပြောပါတယ်။
လက်ရှိ ကလေးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်ရှိနေသလို စစ်ဘေးရှောင်တွေ တိုးလာတာနဲ့အမျှ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အင်းကျွန်ရွာ စစ်ဘေးရှောင်တဦးက “ကျနော်တို့မှာ အကူအညီမှ မရရှိတာလည်း ကြာပြီ။ အခုမှ ဒါ ထပ်ပြီး အကူအညီရတာ။ အခုလို ကူညီထောက်ပံ့ပေးတဲ့ ပေးသောလက် အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော် နေထိုင်တယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေရဲ့ စစ်တမ်းအရ သိရပါတယ်။
ဓာတ်ပုံ-ပေးသောလက်