ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာက ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖယ်ရှားခိုင်းတာကြောင့် ချင်းလူမျိုး ၈၀ ကျော် နေစရာအခက်အခဲ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်သားတွေက တပ်ပိုင်မြေ ဆိုပြီး နေအိမ်တွေကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
“ဆန်းဒေး ဘုရားကျောင်းတက်တဲ့ အချိန်တုန်းက စစ်သားတွေက ဆိုက်ကားနဲ့လာပြီး ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အိမ်တွေဖျက်ပေးဖို့ လော်စပီကာနဲ့ လာအော်သွားတာ” လို့ နီးစပ်သူတဦးက ပြောပါတယ်။
မြောင်းတကာကျေးရွာက ချင်းတိုင်းရင်းသားနေအိမ် ၂၃ လုံးကို ဖျက်ပေးလိုက်ရတဲ့အတွက် ချင်းလူမျိုး ၈၀ ကျော်ဟာ နီးစပ်ရာ ဘုရားကျောင်းတွေမှာ နေထိုင်ရတာကြောင့် နေစရာအခက်အခဲ ကြုံနေရတယ်လို့ ချင်းအမျိုးသားတဦးက ပြောပါတယ်။
“အဲဒီမြေနေရာတွေကို ၂၀၂၀ ခုနှစ်က ပွဲစားတွေဆီက ပိုက်ဆံပေးပြီး ဝယ်ယူခဲ့ပြီး အိမ်ဆောက်နေခဲ့တာပါ။ အခု တပ်ပိုင်မြေဆိုပြီး ဖျက်ခိုင်းတော့ အကုန် နေစရာမရှိဖြစ်ပြီး ဒုက္ခရောက်သွားတာပေါ့။”
အဲ့ဒီနေအိမ်တွေမှာ နေထိုင်နေတဲ့ ချင်းလူမျိုးတွေဟာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကတည်းက ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေတပ်ဆွယ် (မှော်ဘီ) အနီး ကျေးရွာအုပ်စု ၅ စုရှိ လူနေအိမ်ခြေပေါင်း ၂၀,၀၀၀ ကျော်ကို တပ်ပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်တယ်ဆိုပြီး စစ်ကောင်စီက မတ်လ ၆ ရက်နေ့ နောက်ဆုံးထား ဖယ်ပေးဖို့ ဒီဇင်ဘာလက စာထုတ်ပြန်ခဲ့ပါတယ်။