ပါကစ္စတန်နိုင်ငံရေးပါတီကြီးနှစ်ခုက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ၁၀ ရက်ကြာ အပြင်းအထန် ညှိနှိုင်းဆွေးနွေးတာတွေကို အဆုံးသတ်လိုက်ပြီလို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
ဘူတိုဇာဒါရီရဲ့ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နဲ့ ပါကစ္စတန် မွတ်စလင်အသင်းချုပ် နာဝက်စ်ပါတီ (PML-N) တို့ကြား သဘောတူညီချက်ဟာ ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲ အပြီး မသေချာ မရေရာမှုတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို အဆုံးသတ်စေခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ စည်းဝေးပွဲတရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ပါတီနှစ်ရပ်ဟာ အခု အမတ်နေရာ အရေအတွက် လုံလုံလောက်လောက် ရှိနေပြီမို့ အစိုးရ ဖွဲ့နိုင်တော့မှာပါ။
အစိုးရဖွဲ့စည်းနိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ဘူတိုဇာဒါရီက မြို့တော် အစ္စလာမ္မာဘတ်မှာ ကျင်းပတဲ့ ညနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောပါတယ်။
သူ့ဘေးမှာထိုင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှာဘတ်ဇ် ရှာရစ်ဖ်ဟာ ညွန့်ပေါင်းရဲ့ ဝန်ကြီးချုပ်လောင်း ဖြစ်လာမှာဖြစ်ပြီး ပါတီတွေက အစိုးရကို အမြန်ဆုံးဖွဲ့စည်းဖို့ တွန်းအားပေးမယ်လို့ ဘူတို ဇာဒါရီက ပြောပါတယ်။
သူ့ဖခင် အာဆစ်ဖ်အလီဇာဒါရီဟာ နိုင်ငံရဲ့ သမ္မတအတွက် မဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်လာမယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
လူဦးရေ ၂၄၁ သန်းရှိတဲ့ နျူးကလီးယားလက်နက်နိုင်ငံ ပါကစ္စတန်မှာ အစိုးရဖွဲ့ဖို့ နှောင့်နှေးနေလို့ စိုးရိမ်နေကြတာပါ။
ပါကစ္စတန်ဟာ တိုးတက်မှုနှေးကွေးပြီး စံချိန်တင် ငွေကြေးဖောင်းပွနေသလို စစ်သွေးကြွ အကြမ်းဖက်မှုတွေ မြင့်တက်နေပါတယ်။
ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေချဖို့ အာဏာပိုင်တွေနဲ့အတူ တည်ငြိမ်တဲ့ အုပ်ချုပ်မှုတခု လိုအပ်နေချိန်မှာ ပါကစ္စတန်ဟာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
Source/Photo-Reuters