ထိုင်းနိုင်ငံ၊ နကော့ပထုန်ခရိုင်၊ အုန်းနွဲ့အုန်းယိုင်မှာရှိတဲ့ PS.S. STEEL AND SUPPLY စက်ရုံလုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမားတယောက် ဖေဖော်ဝါရီ ၂၀ ရက်က နစ်နာကြေး ဘတ် ၁၁၀,၀၀၀ ရရှိခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။
အုန်းနွဲအုန်းယိုင်မှာရှိတဲ့ PS.S. STEEL AND SUPPLY စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမား မသန်းအေးဟာ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ဘယ်ဘက်လက်မ တဆစ်ဖြတ်ခဲ့ရသလို လက်ဖဝါးအရိုး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလုပ်ချိန်အတွင်း ဖြစ်ပွားခဲ့ပေမဲ့ သူဌေးက စက်ရုံရဲ့ မြန်မာစကားပြန်နဲ့ ပေါင်းပြီး မသန်းအေးကို ဘိုင်ကျန်အော် (အလုပ်ပြောင်းခွင့်လက်မှတ်) ပေးပြီး အလုပ်ထုတ်ခဲ့တဲ့အပြင် လျော်ကြေးလည်း မပေးတာကြောင့် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။
WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “အလုပ်သမားတွေက အကူအညီတောင်းတဲ့အတွက် နကော့ပထုန် အုန်းနွဲ့အုန်းယိုင် ပခန်စခွန်ရုံးမှာ နစ်နာကြေးရဖို့ ၅ ရက်နေ့ကစပြီး တိုင်ကြားခဲ့တယ်။ သူဌေးက မြန်မာစကားပြန်နဲ့ပေါင်းပြီး လက်မှတ်ထိုးပြီး အလုပ်ထုတ်တယ်။ ကျနော်တို့က မသန်းအေးမှာ ကလေးတဖက်ရှိတယ်ဆိုတဲ့ နစ်နာမှုတခုနဲ့ အမှုကိုလိုက်ရတာ။ သူတို့ဘက်ကလည်း လူမှုညှာတာရေးအတွက် နစ်နာကြေးပေးခဲ့တာ” လို့ ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ အလုပ်သမားနစ်နာမှုကိစ္စတွေ ဖြစ်ပေါ်ပါက စက်ရုံတွေက ဘာသာပြန်တွေကို မယုံဘဲ သူတို့ပြောသလို လက်မှတ်တွေ မှားမထိုးမိစေဖို့နဲ့ ထိုင်းစကား နားလည်ပြောတတ်တဲ့ ညီအစ်ကို သူငယ်ချင်းကို အကူအညီတောင်းဖို့ သူက ဆက်ပြောပါတယ်။
ရရှိခဲ့တဲ့ နစ်နာကြေး ဘတ် ၁၁၀,၀၀၀ ကို နစ်နာသူ မြန်မာအလုပ်သမား မသန်းအေးကို WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပေးအပ်ခဲ့ပါတယ်။
ထိုင်နိုင်ငံ၊ ချွန်ပူလီခရိုင်၊ ချာချင်စောင်မြို့က လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမား ကိုမျိုးချစ်ဟာ ဖေဖော်ဝါရီ ၁၂ ရက်က နစ်နာကြေး ဘတ် ၂ သိန်း ရရှိခဲ့ပါတယ်။