မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားမဝင်လာရောက်ရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် သတိပေးပြောဆိုခဲ့တဲ့နောက်မှာ အရေးယူဆောင်ရွက်မှုတွေရှိလာနိုင်တဲ့အတွက် တရားဝင်သာ လာရောက်ကြဖို့ကို မြန်မာရွေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေအတည်ပြုလိုက်တဲ့နောက်မှာ မြန်မာနိုင်ငံသားတွေက အိမ်နီးချင်းထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာမှုတွေ မြင့်တက်လာကြောင့် ဖမ်းဆီးခံနေရတာတွေရှိနေပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ဆေထာထဝီးဆင်က မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်လမ်းကြောင်းကနေလာတာကို ကြိုဆိုမှာဖြစ်ပြီး တရားမဝင်လမ်းကြောင်းတွေက လာမယ်ဆိုရင် လုံခြုံရေးအေဂျင်စီတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ပြောဆိုခဲ့တာပါ။
အခုလို ထုတ်ဖော်ပြောဆိုမှုကြောင့် ထိရောက်တဲ့အရေးယူမှုတွေ ဖြစ်လာနိုင်ပြီး တတ်နိုင်သလောက် တရားဝင်လမ်းကြောင်းတွေကလာဖို့ကို ထိုင်းအခြေစိုက် Labour Right Foundation ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က ပြောပါတယ်။
"သူ့အနေနဲ့ သူ့နိုင်ငံရဲ့ လုံခြုံရေးအရ တရားဝင်ဝင်ရောက်မှုကိုကြိုဆိုတယ်။ တရားမဝင်နယ်စပ်ဖြတ်ကျော်ရင် ထိရောက်စွာအရေးယူမယ်ဆိုတာ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလို့ပဲ ဖြစ်ဖြစ် လက်ရှိ မြန်မာနိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေကြောင့်ပဲ ဖြစ်ဖြစ် ပြည်ပကိုထွက်ခွာမယ်ဆိုရင် တရားဝင်နည်းလမ်းတွေ စနစ်တွေနဲ့ပဲ သွားဖို့အကြံပြု ချင်တယ်။ တကယ်လို့ တရားဝင်နည်းလမ်းကို ဆောင်ရွက်တဲ့အခါမှာ လွန်စွာအခက်အခဲရှိနေတယ် ဆိုရင် နယ်စပ် ဖြတ်ကျော်သွားရောက်တော့မယ်ဆိုရင် မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုရ ရှာရပါမယ်။ သူ့နိုင်ငံက တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်ဆိုရင် မလိုလားအပ်ဘဲနဲ့ ကိုယ့်တိုင်းပြည်ကို ပြန်ပို့ခံရမယ်ဆိုရင် ပိုမိုဆိုးဝါးတဲ့ အခက်အခဲတွေကြုံတွေနိုင်တဲ့အတွက် လုပ်ကိုင်တဲ့အလုပ်တွေမှာလည်း ဥပဒေနဲ့အညီ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီလုပ်ကိုင်ဖို့ ကျနော်အကြံပြုချင်ပါတယ်" လို့ ပြောပါတယ်။
လတ်တလောမှာ ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော်လာရောက်တဲ့အတွက် ထိုင်းအစိုးရရဲ့ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရတဲ့အတွက် စစ်ကောင်စီရဲ့ စစ်ဆေးမှုတွေကို ထပ်မံကြုံတွေ့ နေရတယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကလည်း ပြောပါတယ်။
"ကျနော်တို့ စိုးရိမ်တာကတော့ အခုက အနည်းဆုံး လူဝင်မှုကြီးကြပ်ရေးအရ ရက် ၃၀ တော့ ဖမ်းဆီးခံရတယ်။ ရက် ၃၀ ဖမ်းဆီးတယ်ဆိုပေမဲ့ မြန်မာပြည်ကိုပြန်ပို့တဲ့ကာလနဲ့ဆို ရက် ၃၀ မကဘူး။ တချို့ဆိုရင် အချုပ်တွေထဲ ၂ လ ၃ လ ၆ လလောက်ထိ နေခဲ့ရတာရှိတယ်။ အခုကျတော့ ပိုပြီးတော့ဆိုးတာက ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ ကြားတာ ရနောင်းကနေ ကော့သောင်းဘက် ပြန်ပို့တဲ့ အလုပ်သမားတွေကို သက်ဆိုင်တွေက ခေါ်ယူစစ်ဆေးပြီးတော့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ထောက်ပံ့ကူညီနေလားဆိုပြီးတော့ အမျိုးသားတွေကို ခေါ်စစ်ဆေးတာမျိုးတွေလည်း ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် ထိုင်းထဲကို တရားမဝင်နေလို့ ပြန်ပို့လို့ရှိရင်လည်း ရွေ့ပြောင်း အလုပ်သမားလူငယ်တွေအနေနဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကတော့ လက်ရှိတွေ့နေရတာတွေပေါ့။"
တိုင်းပြည်ရဲ့ အခက်အခဲအကျပ်အတည်းတွေကြောင့် ပြည်ပထွက်မယ့် မြန်မာနိုင်ငံသားတွေအတွက် တက်နိုင်သလောက် တရားဝင်လာရောက်ဖို့နဲ့ တရားမဝင်လာရောက်ခဲ့ရင်လည်း အချိန်မီ တရားဝင်စာရွက်စာတမ်းတွေ ပြင်ဆင်ထားဖို့၊ သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကား၊ ဥပဒေနဲ့ စည်းမျည်းစည်းကမ်းတွေကို ကြိုတင် လေ့လာထား ဖို့ကိုလည်း အလုပ်သမားရေး ကူညီဆောင်ရွက်နေသူတွေက အကြံပြုပါတယ်။
အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ၂၀၂၃ ဇူလိုင်လအထိ ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းအလုပ်သမား ၆ သန်းကျော်ရောက်ရှိနေပြီး တရားဝင်နေထိုင် အလုပ် လုပ်ကိုင်နေသူက ၃ သန်းကျော်ရှိနေတယ်လို့ ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးထုတ်ပြန်ချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်လာပြီးနောက် ထိုင်းနိုင်ငံကို တရားဝင်ရော တရားမဝင်ပါ လာရောက်သူတွေ တဟုန်ထိုးများပြားလာတယ်လို့ အလုပ်သမားအဖွဲ့တွေဆီက သိရပါတယ်။
ဝေဝေ