ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာတည်တဲ့အကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က အမိန့် ထုတ်ပြန် ကြေညာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းက လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံဘက်ကို တရားဝင်ရော တရားမဝင်ပါ သွားရောက်ကြသလို နောက်ထပ် သွားရောက်ဖို့ စီစဉ်ပြင်ဆင်နေတာတွေလည်း အများအပြား ရှိနေပါတယ်။
ထိုင်းနိုင်ငံကိုလာကြမယ့် မြန်မာနိုင်ငံက လူငယ်တွေ ထိုင်းနိုင်ငံကိုရောက်ရင် ဘာတွေ ရင်ဆိုင်ကြုံတွေ့ရနိုင်တယ်၊ ဘယ်တွေပြင်ဆင်ထားသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်မှာ အခြေစိုက်ပြီး အလုပ်သမားအရေးလုပ်ဆောင်နေသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးထူးချစ်ကို ဒီဗွီဘီ အကြီးတန်းသတင်းထောက် နော်နိုရင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး - စစ်ကောင်စီကနေပြီးတော့ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်း အတည်ပြုလိုက်ပြီး နောက်ပိုင်း အသက် ၁၈ နဲ့ ၃၅ နှစ်ကြားက လူငယ်တွေ ထိုင်းနိုင်ငံကို ထွက်ကြသလို ထွက်လာဖို့လည်း ပြင်ဆင်နေတာတွေ အများကြီးရှိနေတယ်လို့ ကျမတို့ ကြားသိရတယ်ပေါ့နော်။ ဆိုတော့ ထိုင်းကို လာမယ်ဆိုရင် အဓိက ဘယ်အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်လဲ။ အရင်ဦးဆုံး ပြောပြပေးပါဦး။
ဖြေ - “ဟုတ်ကဲ့။ ဒီ ထိုင်းနိုင်ငံကို လာလို့ရှိရင် အဓိကပြဿနာက သူတို့ရဲ့ လုံခြုံရေး ပြဿနာပေါ့နော်။ ခါတိုင်းလည်း ကျနော်တို့ တရားမဝင် အထောက်အထားမဲ့တဲ့ အလုပ်သမားတွေ ပြန်ဖမ်းတာတွေ ရှိတယ်။ နောက် ပြီးခဲ့တဲ့ တရက် နှစ်ရက်ကပဲ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် တရားဝင်လာဖို့၊ အဖမ်းအဆီးတွေ ရှိမယ်၊ ခါတိုင်းထက်ပိုပြီးတော့ ဖမ်းဆီးမှုတွေ လုပ်မယ်ဆိုပြီးတော့ သူတို့ ပြောထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အဓိက ရင်ဆိုင်ရမှာကတော့ အစောတုန်းကပြောတဲ့ လုံခြုံရေးအရ ဘယ်နယ်စပ်ဒေသကိုပဲ ဖြတ်ဖြတ် အဓိကကတော့ လုံခြုံရေးကိစ္စတွေ ရင်ဆိုင်ရမယ်။ နောက်တခုကတော့ တချို့ မြန်မာပြည်ကလာတဲ့သူတွေ ထင်ထားသလိုမျိုး လွယ်လွယ်ကူကူနဲ့တော့ အလုပ်က မရကြဘူး။ အလုပ်သမားတွေကလည်း ပိုများလာတယ်။ အလုပ်ရရင်တောင်မှပဲ ကျနော်တို့ ဒီ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ပြည့်ပြည့်ဝဝ လုပ်အားလစာတွေလည်း ရမှာမဟုတ်ဘူး။ နောက် တစုံတရာ ဆက်သွယ်မှုပေါ့နော်။ ကိုယ့်မှာ ဆက်သွယ်ထားတဲ့ ပတ်ဝန်းကျင် အားနည်းတယ်၊ ကိုယ့်မှာ အဆက်အသွယ် သိပ်မရှိဘူး ဆိုလို့ရှိရင် လူကုန်ကူးမှုတွေပါ ခံရနိုင်တယ် ဆိုတဲ့ဟာ ကျနော်တို့ တွေ့ရတယ်ဗျာ။”
မေး - ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်သားတွေအနေနဲ့ ထိုင်းနိုင်ငံကို တရားဝင်သာ လာရောက်ဖို့နဲ့ တရားမဝင်လာရင် အရေးယူမယ်ဆိုပြီး ပြောဆိုထားတယ်ပေါ့။ ဆိုတော့ တရားမဝင် ဝင်လာမယ်ဆိုရင် ဘယ်လိုမျိုး အရေးယူခံရနိုင်တဲ့ အခြေအနေရှိလဲ။ အဲဒီပြစ်ဒဏ်ကကော ဘယ်လောက်ထိ သက်ရောက်မှုတွေ ရှိနိုင်လဲ။
ဖြေ - “အခုက အနည်းဆုံးတော့ လူဝင်မှုကြီးကြပ်ရေး ရက် ၃၀ ကတော့ ဖမ်းဆီးခံရတယ်။ ရက် ၃၀ ဖမ်းဆီးတယ် ဆိုပေမဲ့လည်း မြန်မာပြည်ကိုပြန်ပို့တဲ့ ကာလနဲ့ တွက်မယ်ဆိုရင်တော့ ရက် ၃၀ မကဘူး။ တချို့ဆိုလို့ရှိရင် အချုပ်တွေထဲမှာ ၂ လ၊ ၃ လ၊ ၆ လလောက်အထိကို နေခဲ့ရတာတွေရှိတယ်။ ကျနော်တို့ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျနော်တို့အနေနဲ့ ရုပ်သံမှတ်တမ်းတွေ လုပ်ပြီးတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွေ၊ ရဲစခန်းတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပြည့်ကြပ်ပြီးတော့ မြန်မာဘက်ခြမ်းကလည်း လက်မခံတဲ့အချိန်မှာ ကျနော်တို့ ပို့လို့မရတဲ့ အနေအထားတွေ ရှိတယ်။ အခု ပိုပြီးဆိုးတာက ပြီးခဲ့တဲ့တပတ်ထဲမှာပဲ ကျနော်တို့ကြားတာက ဒီ ရနောင်းကနေ ကော့သောင်းဘက်ကို ပြန်ပို့တဲ့ မြန်မာအလုပ်သမားတွေကို သက်ဆိုင်ရာတွေက ခေါ်ယူစစ်ဆေးပြီးတော့ ဒီဘက်က နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ထောက်ပံ့ကူညီနေလား ဆိုပြီးတော့ ခေါ်စစ်ဆေးတာတွေလည်း တွေ့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့ ထိုင်းထဲမှာ တရားမဝင်နေပြီး ဖမ်းပြီးတော့ ပြန်ပို့လို့ရှိရင်လည်း ရွှေ့ပြောင်းအလုပ်သမား လူငယ်တွေအနေနဲ့ အင်မတန်မှ အန္တရာယ်ရှိနိုင်ပါတယ်ဗျာ။ ဒါက ကျနော်တို့ လက်ရှိ တွေ့နေရတဲ့ဟာတွေပေါ့လေ။”
မေး - ထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင်ရော ရောက်ပြီဆိုရင် နေရေးထိုင်ရေးကအစ ဘယ်လိုမျိုး အခက်အခဲတွေ နိုင်သေးလဲ။
ဖြေ - “အစောတုန်းက ကျနော်တို့ ပြောခဲ့သလိုပဲ ထိုင်းနိုင်ငံက ရံဖန်ရံခါ လက်မှတ်ထုတ်ပေးတာတွေ ရှိတယ်။ အခုလည်း ပြီးခဲ့တဲ့နှစ်ထဲမှာ နာမည်စာရင်းပေးပြီးတော့ ပန်းရောင်ကတ် ရိုက်ပေးတာတွေ ရှိတယ်။ အခုလည်း ဒီလပိုင်းအတွင်းတွေမှာလည်း ပန်းရောင်ကတ်တွေ ဘာတွေ ရိုက်ပေးမယ်ဆိုတဲ့ သတင်းတွေတော့ ကျနော်တို့လည်း ကြားတယ်။ ကျနော်ဆိုလိုချင်တာကတော့ ဘယ်လိုနည်းနဲ့ပဲ ရောက်ရှိလာလာ ထိုင်းနိုင်ငံထဲမှာ ရောက်တယ်ဆိုလို့ရှိရင်တော့ တရားဝင်အထောက်အထား တခုခုတော့ ရအောင်တော့ စီစဉ်ဆောင်ရွက်သင့်ပါတယ်။ နောက်တခုက ကျနော်တို့ စိုးရိမ်တာက အခုန ပြောတဲ့ဟာပေါ့၊ အဆက်အသွယ်လည်း မကောင်းဘူး၊ ကိုယ့်မှာ တစုံတရာ ငွေကြေးမပြည့်စုံတဲ့လူတွေ ပါလာတယ် ဆိုလို့ရှိရင် တရားမဝင်တဲ့ဘဝနဲ့ သံသရာလည်နေတယ် ဆိုလို့ရှိရင် ကျနော်တို့ စောတုန်းက ပြောသလို ဖမ်းဆီးအရေးယူမှုတွေ ခံရမယ်။ ထိုင်းအစိုးရက တစုံတရာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အလုပ်သမား အခွင့်အရေးတွေလည်း ပြည့်ပြည့်ဝဝ ရမှာမဟုတ်ဘူး။ ဖမ်းဆီးပြီး ပြန်ပို့ပြီးတော့ အချုပ်ထောင်တွေထဲမှာလည်း သတ်မှတ်ကာလထက် ကြာပြီးတော့ နေရတာမျိုးတွေ ဒါမျိုးတွေ ရင်ဆိုင်ရနိုင်တယ်။”
မေး - နောက် အခု စားဝတ်နေရေးပြဿနာနဲ့ ပတ်သက်ပြီးတော့ကော၊ တကယ် ထိုင်းကို ရောက်လာမယ်ဆိုရင် အဲဒီအပိုင်းနဲ့ပတ်သက်ပြီး ဆရာ ဘယ်လိုအကြံပေးချင်လဲ။
ဖြေ - “ထိုင်းကိုလာမယ်ဆိုလို့ရှိရင်တော့ အခြေခံ ထိုင်းဘာသာစကားကိုတော့ မဖြစ်မနေ တတ်ထားသင့်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ ဒါက အင်မတန် အခြေခံကျပါတယ်။ ကျနော်တို့ ဒီဘက်မှာလည်း ထိုင်းစကားတတ်တဲ့ အလုပ်သမားနဲ့ ထိုင်းစကားမတတ်တဲ့ အလုပ်သမားနဲ့က အလုပ်အကိုင် အခွင့်အရေးတွေကလည်း အများကြီးကွာပါတယ်။ ဒီခေတ်မှာ ထိုင်းစာကို လွယ်လင့်တကူ သင်ကြားလို့ရနိုင်တဲ့ အနေအထားမှာ ဥပမာအားဖြင့် အွန်လိုင်းတွေမှာရော၊ လူမှုကွန်ရက်တွေမှာလည်း သင်ကြားလို့ရနိုင်တယ်။ ဒါကို ကျနော်တို့လူမျိုးတွေက ထိုင်းစကားကို လေ့လာမှု အားနည်းနေတာမျိုးတွေ မြင်ရတယ်။ အထင်သေးလို့လား၊ မသင်ချင်တာလား၊ အင်္ဂလိပ်စာကိုပဲ ပိုလေ့လာချင်တာလား မပြောတတ်ဘူး။ ဒါပေမဲ့ ကျနော့်အနေနဲ့ကတော့ အခြေခံထိုင်းစကားတတ်ရင် နောက်တခု အလုပ်အကုန်မရွေးဘူးပေါ့ဗျာ။ တချို့ကျတော့လည်း အလုပ်ရွေးတာတွေရှိတယ်။ စက်ရုံမှာ လုပ်ရမှတို့၊ ပန်းရံ မလုပ်ချင်တာတို့၊ ရော်ဘာမခြစ်ချင်တာတို့ အဲဒါမျိုးဆိုရင်လည်း ပိုခက်တယ်။ ဒါပေမဲ့ အစောတုန်းကပြောသလို အလုပ်မရွေးဘူး၊ တစုံတရာ ထိုင်းစကားကို သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ အနေအထားလောက်ကို တတ်မြောက်ထားလို့ရှိရင်တော့ အလုပ်အကိုင်ရှာဖွေလို့ ပိုလွယ်မယ်။ တစုံတရာ အခက်အခဲရှိလို့ရှိရင်လည်း ထိုင်းအာဏာပိုင်တွေ၊ ထိုင်းအလုပ်ရှင်တွေနဲ့ ဆက်သွယ်လို့ရတာပေါ့နော်။ ကျနော့်အနေနဲ့ မဖြစ်မနေ အခြေခံထိုင်းစကားကိုတော့ လေ့လာထားရမယ်။ နောက်တခုက ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေလည်း တစုံတရာ ကျနော်တို့ လေ့လာထားရမယ်။ ဥပမာအားဖြင့် ပြည်နယ်တခုနဲ့တခုမှာ လုပ်အားခတွေလည်း မတူဘူး။ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ ဘယ်လိုရှိလဲ၊ အဲဒါလေးတွေမှာ လေ့လာထားမယ် ဆိုရင်တော့ အသစ်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျနော် အစောတုန်းက ပြောတဲ့ အခက်ခဲတွေတော့ တစုံတရာ လျော့နည်းမယ်လို့ ကျနော့်အနေနဲ့ ပြောလို့ရပါတယ်။”
မေး - ဆိုတော့ ဒီ စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းပြီးနောက်မှာ လူငယ်တွေအများစုက စစ်မှုမထမ်းချင်ကြဘူးပေါ့နော်။ ဆိုတော့ ထိုင်းနိုင်ငံကိုသွားဖို့ တော်တော်လေးကို ပြင်ဆင်ကြသလို ထွက်နေတဲ့သူတွေလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ အခု လူငယ်လူရွယ်တွေသာ တိုင်းပြည်ကနေ ထွက်ခွာလာရင် တိုင်းပြည်အတွက် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်လဲ၊ ဘာတွေ ထိခိုက်နစ်နာမှု ရှိနေလဲ။ မြန်မာပြည်တွင်း ဘယ်လိုထိခိုက်နစ်နာမှုတွေ ရှိလာနိုင်လဲ။
ဖြေ - “ကျနော်တို့ အကြမ်းဖျင်း နားလည်ထားတာကတော့ တိုင်းပြည်တခု၊ လူ့အဖွဲ့အစည်း တခုကို တိုးတက်အောင်ဆိုရင် အခုနပြောတဲ့ လူငယ်တွေပေါ့၊ အသက် ၂၀ ကနေ ၃၀-၄၀ လောက်အထိ လူငယ်တွေ တစုံတရာ ပညာပေါ့၊ ပညာတတ်ဖို့ဆိုတာ ပညာမျိုးစုံပေါ့၊ အဲဒါမျိုးတတ်မှပဲ တိုင်းပြည်ပြန်လည်ထူထောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း လုပ်ရာမှာ အဆင်ပြေချောမွေ့မယ်လို့ ကျနော်တို့ နားလည်တယ်။ အခုလိုအခြေအနေမျိုး ကျနော်တို့ လူငယ်ကို တွန်းပို့လိုက်သလိုပဲ၊ ခင်ဗျားတို့ တော်လှန်ရေးကို လက်နက်ကိုင် တော်လှန်ရေးကို သွားလုပ်ချင်လုပ်၊ မလုပ်လို့ရှိရင်လည်း ခင်ဗျားတို့ နိုင်ငံခြားမှာသွားပြီး ရွှေ့ပြောင်းအလုပ်သမား သွားလုပ်ဆိုတဲ့ အဲလိုမျိုး သတင်းစကား ပါးလိုက်သလို ကျနော့်အနေနဲ့ ခံစားရတယ်ဗျာ။ ဆိုတော့ ကျနော်တို့လည်း နဂိုကတည်းက လူငယ်တွေနဲ့ လုပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ နောက် ကိုယ်တိုင်လည်း ရွှေ့ပြောင်းအလုပ်သမားအရေးကို နှစ်ပေါင်းများစွာ လုပ်နေတဲ့ လူပုဂ္ဂိုလ်တယောက်ဖြစ်တော့ ကျနော်တို့နဲ့ ခင်တဲ့လူတွေ အများကြီးပဲ။ ကျနော် ပွင့်ပွင့်လင်းလင်းပြောရင် တပတ်အတွင်းမှာ ရာနဲ့ချီတဲ့လူတွေ ကျနော့်ကို ဆက်သွယ်လာတယ်။ ထိုင်းနိုင်ငံကို ဘယ်လိုလာရမလဲ၊ ဆိုတော့ ကျနော့်အနေနဲ့ စိုးရိမ်တာသည် ဒီကိစ္စသည် နိုင်ငံရေးအခြေအနေ ကျနော်တို့လည်း ကြုံခဲ့ဖူးတယ်။ ကျနော်တို့ ကြုံခဲ့ဖူးတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့တော့ လက်ရှိအနေအထားက တအားကွာတယ်။ အခုက လူငယ်တွေကို တိုင်းပြည်မှာ မနေနိုင်အောင် လုပ်နေတဲ့ ပုံစံမျိုးတွေ ဖြစ်နေတော့ တိုင်းပြည်အတွက် ရေရှည်မကောင်းဘူး။ တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကလည်း နှစ်နဲ့ချီပြီးတော့ ဆယ်စုနှစ်နဲ့ချီပြီးတော့ ထပ်လုပ်နေမယ့်ဟာမျိုးတွေ ကျနော်တို့ မြင်နေရတယ်။ ဒါကြောင့်မို့ လူငယ်တွေအနေနဲ့ နိုင်ငံခြားတွေ ထွက်ခွာမယ်၊ တိုင်းပြည်ကို ပြန်သွားမယ့် အနေအထားလည်း မရှိသေးဘူး ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အများကြီး အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”
မေး - ဒီ စစ်မှုမထမ်းမနေရဥပဒေနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုချင်တာ၊ ပြောချင်တာ ဘာရှိမလဲ။
ဖြေ - “တခြားနိုင်ငံတွေမှာလည်း စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒါပေမဲ့ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းတာ အတည်ပြုတဲ့ကာလ၊ အခြေအနေချင်းက နည်းနည်းကွာတယ်ထင်တယ်။ နဂိုတုန်းက ဘာပဲပြောပြော သူတို့လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်း ကျနော်တို့ ဖြတ်သန်းခဲ့တယ်လေ။ ဆိုတော့ အဲဒီအစိုးရတွေ ကိုယ်၌ကလည်း အဲဒီကိစ္စကို သေသေချာချာ မလုပ်ထားခဲ့ဘူးပေါ့နော်။ အခုလိုမျိုး စစ်ဖြစ်နေတယ်၊ စစ်လည်း ရှုံးနေတယ် ဆိုပြီးတော့ အခြေအနေမျိုးမှာ လူတွေကို အတင်းအဓမ္မကြီး စစ်မှုမထမ်းမနေရ ဆိုတာမျိုးကြီးကျတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ တကယ်လို့ စစ်မှုထမ်းရမယ် ဆိုရင်တောင်မှပဲ နိုင်ငံတခုအနေနဲ့ ဒီမိုကရေစီနည်းနာအရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရတွေအနေနဲ့ပဲ လူထုရဲ့ သဘောဆန္ဒတွေကို တစုံတရာ လိုအပ်တယ် ဆိုလို့ရှိရင် ဒါကို ကောက်ခံပြီးတော့ စနစ်တကျ ပြဋ္ဌာန်းသင့်တယ်လို့ ကျနော်ထင်တယ်။”
“လက်ရှိအနေအထားမှာ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းတဲ့ အနေအထားကတော့ ဒါ ဟိုဘက်ဒီဘက်က ဘယ်လိုမှ အကျိုးမရှိနိုင်ဘူး။ နောက် ဒီဘက်ကကြည့်တော့လည်း အစောတုန်းကပြောသလိုပဲ လက်နက်ကိုင်တော်လှန်ရေးကို သွားလုပ်ကြပါလို့ တွန်းပို့သလိုလည်း ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် လူငယ်တွေက အကြောင်းအမျိုးမျိုးကြောင့် မထွက်တဲ့လူငယ်တွေလည်း ရှိတယ်။ မိဘအခြေအနေအရ၊ လုပ်ငန်းသဘာဝ အခြေအနေအရ သူတို့နေနိုင်သလောက် တိုင်းပြည်ထဲမှာ နေမယ်ဆိုတဲ့ လူငယ်လူတန်းစားတရပ် ရှိနေတယ်။ ဒါပေမဲ့ အဲဒီလူငယ် လူတန်းစားကိုပါ အတင်းကို လက်နက်ကိုင်တော်လှန်ရေးကြီးထဲကို တွန်းပို့ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားဘဝကို တွန်းပို့သလိုမျိုးလို့ ကျနော့်အနေနဲ့ တွေ့နေရတာပေါ့ဗျာ။”
မေး - တခြားပြောချင်တာ ဘာရှိဦးမလဲ။
ဖြေ - “ဟုတ်ကဲ့၊ ကျနော်တို့က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စစ်မှုထမ်းရမယ့်ဥပဒေကို ရှောင်လို့ပဲ နိုင်ငံခြားတိုင်းပြည်ကို သွားတာပဲဖြစ်ဖြစ်၊ ကျနော်တို့နေတဲ့ ထိုင်းနိုင်ငံကို လာတာပဲဖြစ်ဖြစ်၊ ကျနော်တို့ ညီငယ် ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိကမှာချင်တာကတော့ မလာခင် ကျနော် အစောတုန်းက ပြောတဲ့အတိုင်း တရားဝင်လာမယ်ဆိုရင် ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတွေက ဘယ်အဖွဲ့က မှန်မှန်ကန်ကန်လုပ်လဲ၊ ပွဲစားတွေဆိုရင်လည်း စနစ်တကျတော့ မေးမြန်းစုံစမ်းပြီးမှ လာစေချင်တယ်။ ပွဲစားတွေ လိမ်တဲ့ကိစ္စတွေကို ကျနော်တို့ကို အမြဲတမ်း လာတိုင်ကြားတာကို ကျနော်တို့ ရှင်းနေရတယ်။ နောက်တခု ပိုအရေးကြီးတာက တစုံတရာ ထိုင်းစာ၊ ထိုင်းစကားကို တီးမိခေါက်မိရှိအောင် လေ့လာထားစေချင်တယ်။ ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့ မူဝါဒရေးရာတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုလည်း တတ်နိုင်တဲ့ဘက်က လေ့လာကြဖို့၊ နောက် ပိုအရေးကြီးတာက ထိုင်းနိုင်ငံမှာရောက်ရင် ကိုယ် တခုခု အခက်အခဲ တစုံတရာဖြစ်ရင် ကူညီအကြံပေးနိုင်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ၊ ဆက်သွယ်ရမယ့် လိပ်စာတွေကိုတော့ စနစ်တကျ ယူလာသင့်တယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်။”
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။