ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်၊ ဘာဘူကုန်းကျေးရွာအနီးရှိ မြန်မာ့မီးရထားလမ်း တံတားအမှတ် ၁၄၅ ကို ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီ မိနစ် ၂၀ လောက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ မြန်မာ့မီးရထားဌာနကနေ သိရပါတယ်။
မြန်မာ့မီးရထားဌာန တာဝန်ရှိသူ တဦးက “ဖြစ်တာက ညောင်လေးပင်ခရိုင် ပိန်းဇလုပ်ဘူတာနဲ့ သူဌေးကုန်းဘူတာကြား၊ သာယာကုန်းအရှေ့ဘက် ကြိတ်ကွင်းကျေးရွာအနီးရှိ မြန်မာ့မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ် ၁၀၃/၆၊ တံတား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရတယ်” လို့ ပြောပါတယ်။
ရထားခရီးသည်တယောက်က “အခုလို မီးရထားကို အခြေခံလူတန်းစားတွေသာ အဓိက အားထားစီးနင်းနေရတယ်။ လမ်းခရီးက အဆင်မပြေဘူးဆိုရင် သွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံရတယ်” လို့ ပြောပါတယ်။
မြန်မာ့မီးရထားက လက်ရှိပြေးဆွဲ မောင်းနှင်အသုံးပြုနေတဲ့ အနောက်ဘက်ခြမ်းရှိ မီးရထားသံလမ်းမှာ ပေ ၇၀ နဲ့ ပေ ၁၀၀ ကြား ပျက်စီးခဲ့ပြီး လူနဲ့ ကျွဲ နွား တိရစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
မြန်မာ့မီးရထားက ပျက်စီးသွားတဲ့ မီးရထားသံလမ်းကို ပြုပြင်တာ၊ တံတားကို စစ်ဆေးကြည့်ရှုပြီး လိုအပ်တာတွေ ဆောင်ရွက်နေပါတယ်။
အဆိုပါ ရထားလမ်း မိုင်းခွဲဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ရထားလမ်းပိုင်းဆိုင်ရာ တာဝန်ရှိသူဘက်ကတော့ အကြမ်းဖက်သမား လုပ်ရပ်တွေလို့ စွပ်စွဲပြောဆိုထားပြီး သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပုံ မြန်မာ့မီးရထား