ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မြောက်ဘက် တနေရာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၅ ဦး သေဆုံးကာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေကြောင်း ဒေသခံထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) က လုံခြုံရေး ကင်းလှည့်နေစဉ် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က တိုက်ခိုက်တဲ့အတွက် မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLA က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအပြီး PNLA က နယ်မြေရှင်းလင်းရေးလုပ်စဉ် ပြည်သူ့စစ် ၅ ဦး သေဆုံးခဲ့ပြီး သေနတ် ၄ လက်နဲ့ ခဲယမ်းတချို့လည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပုံးအယ်ရွာမှာရှိတဲ့ စစ်တပ်က မဲနယ်တောင်ဒေသ ကျောက်ကဆျားကျေးရွာ၊ စံဖူးကျေးရွာဘက်နဲ့ တောင်ကြီး-မိုင်းပွန် လမ်းပေါ်ရှိ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ကျောက်ကဆျားရွာမှာ နေအိမ် ၁၀ လုံး ပျက်စီးသွားတယ်။ ရွာသားလည်း အကုန်ရှောင်ရတယ်။ တောင်ကြီး-မိုင်းပွန် လမ်းပေါ်ရှိတဲ့ နမ့်ဘော်ခမ်း၊ ခီနန်းရွာထဲမှာလည်း လက်နက်ကြီးကျတယ်။ ရွာသားတွေ တောထဲ ထွက်ပြေးရတယ်။ မနေ့ညလည်း တောထဲအိပ်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ နေ့စဉ် ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဖျက်ဆီးနေတယ်လို့ PNLA က ထုတ်ပြန်ပြောဆိုပါတယ်။
အခုလက်ရှိလည်း စစ်ကောင်စီတပ်က ဟိုပုံးမြို့နယ် ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ကင်းထောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။