ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီ သေဆုံးမှုနဲ့ ၂ နှစ်ကြာ ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှု အကြီးစားတခုကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာသွားမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
ကယ်လီဖိုးနီးယားခရီးစဉ်အတွက် ထွက်ခွာနေတဲ့ ဘိုင်ဒင်ဟာ အသေးစိတ် အချက်အလက်တွေကို ပြောကြားခြင်းမရှိပေမဲ့ သောကြာနေ့မှာ အချက်အလက်တွေကို ထပ်မံဖော်ပြပေးမယ်လို့ ဆိုပါတယ်။
မစ္စတာ နာဗယ်လ်ညီ ဆီမှာ ဖြစ်ပျက်သွားတဲ့ကိစ္စနဲ့ ယူကရိန်းစစ်ပွဲအတွင်း သူ့လုပ်ရပ်တွေအတွက် ရုရှားက တာဝန်ယူရမှာဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့ပါတယ်။ ပိတ်ဆို့အရေးယူမှု အသေးစိတ်ကိုတော့ မဖော်ပြခဲ့ပါဘူး။
ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ ကျူးကျော်ဝင်ရောက်မှုနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ အများအပြားကို အမေရိကန်က ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။
မော်စကိုရှိ အမေရိကန်သံရုံးဟာ နာဗယ်လ်ညီ သေဆုံးမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပိုမိုရှာဖွေနေကြောင်း ဂျွန်ကာဘီက ပြောပါတယ်။
ဒါပေမဲ့ သူသေဆုံးမှုနဲ့ ပတ်သက်ပြီး ရုရှားတွေပြောမယ့်စကားကို ယုံကြည်စိတ်ချနိုင်စရာ အချက်တခုရဖို့တော့ ခက်ခဲပါတယ်လို့လည်း ကာဘီက ပြောသွားပါတယ်။
Source/Photo-REUTERS/Darrin Zammit Lupi