Home
မြန်မာသတင်း
မိုးကုတ်မြို့တွင်း၌ တိုက်ပွဲဖြစ်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ
DVB
·
February 21, 2024
Mogoke_21022024

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ အောင်သစ်လွင်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း၊ အောင်သစ်လွင်ရပ်ကွက်ထဲကို ရောက်ရှိနေတဲ့ PDF ရဲဘော်တွေကို စစ်ကောင်စီတပ်က လူနေအိမ်တွေကို အကာကွယ်ယူပြီး စတင်ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“PDF တွေက ရပ်ကွက်ထဲ ရောက်နေတာ။ စစ်တပ်က ဘယ်လိုသတင်းရပြီးလဲ မသိပါဘူး၊ ရုတ်တရက် ရောက်ချလာပြီး လက်နက်ကြီးတွေနဲ့ပစ်တာ၊ လက်နက်ကြီးဆိုရင် ပစ်တဲ့အသံကော ကျတဲ့အသံကော ကြားရတယ်။ သေနတ်ပစ်သံကတော့ အဆက်မပြတ်ပဲ။”

မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရပ်ကွက်က အမျိုးသမီးတဦး ခြေထောက်မှာ လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ကျပ်ပြင်ရပ်ကွက်နေ ဒေသခံတဦးက “PDF တွေကတော့ ပစ်ပြေး ပြေးကြတာပဲ။ ထိခိုက်တာတော့ မသိရဘူး။ စစ်သားနှစ်ယောက်တော့ ထိတယ်ကြားတယ်။ ခုတော့ မြို့ထဲမှာ တိတ်ဆိတ်ပြီး ဆိုင်တွေ​တောင်မဖွင့်ဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့တွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်တာ မရှိသေးသလို ဘယ်အဖွဲ့လဲဆိုတာကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုးကုတ်မြို့ အောင်သစ်လွင်ရပ်ကွက်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ စစ်တပ်ဘက်က မြို့တွင်းမှာ နေရာယူထားတာ ရှိသလို လူအသွားအလာ နည်းပြီး စျေးဆိုင်တွေပါ ပိတ်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024