Home
နိုင်ငံတကာ
အေဒင်ပင်လယ်ကွေ့တွင် အမေရိကန်သင်္ဘော ၂ စီးကို ဟူသီစစ်သွေးကြွ တိုက်ခိုက်
DVB
·
February 20, 2024
American Ship_20022024

ယီမင်ရှိ ဟူသီစစ်သွေးကြွတွေဟာ အေဒင်ပင်လယ်ကွေ့ရှိ ‘Sea Champion’ နဲ့ ‘Navis Fortuna’ အမေရိကန်သင်္ဘော ၂ စီးကို ပစ်မှတ်ထားပြီး ရေတပ်ဒုံးကျည်တွေကို အသုံးပြုကာ တိုက်ခိုက်တဲ့ အထူးစစ်ဆင်ရေး ၂ ခုကို ပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာ ဆာရီးက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ ဂါဇာကမ်းမြောင်မှာ ရန်လိုမှုတွေနဲ့ ဝိုင်းရံခံနေရပြီး မတရားမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ ပါလက်စတိုင်းတွေအပြင် ယီမင်နိုင်ငံအပေါ် အမေရိကန်-ဗြိတိသျှတို့ရဲ့ ရန်စမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း စုစုပေါင်း စစ်ဆင်ရေး ၄ ခု လုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုပါတယ်။

ပထမဆုံးစစ်ဆင်ရေးဟာ Rubymar အမည်ရှိ ဗြိတိသျှသင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး သင်္ဘောနစ်မြုပ်မယ့် အန္တရာယ်ရှိကြောင်းနဲ့ သင်္ဘောအမှုထမ်းများ ဘေးကင်းကြောင်း ယာယျာဆာရီးက ပြောပါတယ်။

ဒုတိယစစ်ဆင်ရေးကတော့ ဟိုဒေးဒါပြည်နယ်ရဲ့ လေပိုင်နက်မှာ အမေရိကန်လေယာဉ် MQ9 ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

‘Sea Champion’ နဲ့ ‘Navis Fortuna’ အမေရိကန်သင်္ဘော ၂ စီးကတော့ ၃ ခုမြောက်နဲ့ ၄ ခုမြောက် စစ်ဆင်ရေးတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပိတ်ဆို့ထားမှုတွေကို မရုပ်သိမ်းမချင်း ပင်လယ်နီနဲ့ အာရေဗျပင်လယ်ရှိ ယီမင် (ဟူသီ) လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကိုလည်း ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ယာယျာဆာရီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က ဘလိဇ်နိုင်ငံအလံ လွှင့်တင်ထားတဲ့ ဗြိတိန်မှတ်ပုံတင် လက်ဘနွန်နိုင်ငံမှ လည်ပတ်နေတဲ့ ကုန်းပတ်ဖွင့် အထွေထွေကုန်တင်သင်္ဘော Rubymar ဟာ ယီမင်ကမ်းလွန်ရှိ ဘာဘ် အလ်မန်ဒဘ် ရေလက်ကြားမှာ တိုက်ခိုက်ခံခဲ့ရကြောင်း ဗြိတိန်ရေကြောင်း လုံခြုံရေးကုမ္ပဏီ Ambrey က ပြောပါတယ်။

ပေါက်ကွဲမှုတခု ဖြစ်ပွားပြီးနောက် သင်္ဘောအမှုထမ်းတွေဟာ သင်္ဘောကို ယီမင်ကမ်းလွန်မှာ စွန့်ပစ်ခဲ့ကြောင်း ဗြိတိန်ရေကြောင်းကုန်သွယ်မှုဆိုင်ရာ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024