Home
မြန်မာသတင်း
BGF ကို ကရင်တပ်မတော်ပြောင်းလဲဖွဲ့စည်းရန် အတည်မပြုရသေးဟု ဗိုလ်မှူးကြီး စောချစ်သူ ပြော
DVB
·
February 20, 2024
bgf 2022024

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ကရင်တပ်မတော်ပြောင်းလဲဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး အတည်မပြုရသေးဘူးလို့ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၀ နာရီမှာ  ဗိုလ်မှူးကြီး စောချစ်သူက ဒီဗွီဘီကို ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ စစ်ကောင်စီလက်အောက်ကနေ သီးခြားရပ်တည်ဖို့ တောင်းဆိုခဲ့ပြီးနောက် အခုလို ကရင်တပ်မတော် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ကရင်နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက “အတည်မပြုရသေးဘူး။ အတည်မပြုရသေးဘူးနော်။ ကျနော် အဲဒီကိစ္စနဲ့ပတ်သက်တာ နောက်မှ အေးဆေးအဖွဲ့တွေကို ဆုံမယ်။ အခုလောလောဆယ် အတည်မပြုသေးဘူးနော်။ သူများတွေ ဘယ်သူတင်လိုလည်း ကျနော်လည်း မသိဘူး။ ကျနော်လည်း ဘာမှ မသိရဘူးနော်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က စစ်တပ်ဆီက ရိက္ခာနဲ့ လစာ ပံ့ပိုးမှုတွေ မယူချင်တော့ကြောင်း တရားဝင်စာတင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဗိုလ်မှူးကြီး စောချစ်သူတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ (BGF) ဘက်က တောင်းဆိုချက်တွေကို ဒုချုပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ ပြန်တင်ပြပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အနေနဲ့ အချက် ၂ ချက်တောင်းဆိုထားတဲ့အပေါ် စစ်ခေါင်းဆောင်ဘက်က အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ ဇန်နဝါရီ ၃၁ ရက်မှာ  ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

မြဝတီမြို့နယ်ရှိ BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်စီမံကိန်းမှာလုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းကို ထိုင်းနဲ့မြန်မာစစ်တပ် ပူးပေါင်းနှိမ်နင်းမယ်လို့ ပြောဆိုထားတာကြောင့် နိုင်ငံတကာက လေ့လာစောင့်ကြည့်နေပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို ၂၀၁၀ ပြည့်နှစ်မှာ တိုးတက်သောကရင့်အမျိုးသားတပ်မတော် (DKBA) ကနေခွဲထွက်ပြီး ထူထောင်ခဲ့တာပါ။  စစ် တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဟာ တပ်နယ် ၄ ခုကို တပ်ရင်း ၁၃ ခုနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူက အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024