( ၁ )
“မှန်တဲ့ လူတွေကျပြီး၊ မမှန်တဲ့လူတွေ တက်နေကြတယ်။”
“ဘယ်မှာလဲ၊ ဘယ်မှာလဲ”
“ရှေ့တန်းမှာ”
ကျနော်ငယ်ငယ်က ကြားခဲ့ဖူးတဲ့ အငြိမ့်စင်ပေါ်က လူရွှင်တော်များရဲ့ ဟာသတပုဒ် ဖြစ်ပါတယ်။ လူရွှင်တော်နှစ်ယောက်ရဲ့ အတိုင်အဖောက် ပျက်လုံးအောက်မှာ ကျနော်တို့တွေ ရယ်မောခဲ့ကြပါတယ်။ တကယ်တော့ ဒီဟာသဟာ ရယ်စရာမဟုတ်၊ ဝမ်းနည်းစရာပါ။ မှန်တဲ့လူတွေ ကျပြီး မမှန်တဲ့လူတွေ တက်နေတာ ရှေ့တန်းစစ်မြေပြင်မှာသာ မဟုတ်ပါ။ ကျနော်တို့အားလုံးရဲ့ နေ့စဉ်ဘဝတွေမှာလည်း အဲဒီအတိုင်းပါပဲ။ အမှန်တရားဘက်က ရပ်တည်တိုက်ပွဲဝင်တဲ့၊ နွေဦးတော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့ ပါဝင်လှုပ်ရှားနေတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းတွေ ကျဆုံးနေကြတဲ့အချိန်မှာ ခြံစည်းရိုးပေါ် ခွထိုင်ပြီး စစ်တပ်အလိုကျ ရွေးကောက်ပွဲကို လက်ခံရေး၊ ဒါမှမဟုတ် စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ အရင်လိုပဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ စစ်တပ်နဲ့ အရပ်သားအစိုးရ အာဏာခွဲဝေနေထိုင်ကြရေး ပညာပေး လှုံ့ဆော်စည်းရုံးနေကြသူတွေ၊ စစ်တပ်ကိုတော့ နည်းနည်းလေးမှ မဝေဖန်ရဲဘဲ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေကြသူတွေကိုသာ အရသာရှိရှိ၊ သတ္တိရှိရှိ ဝေဖန်ရှုတ်ချနေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆိုသူတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ အရေခြုံထားကြသူတွေ၊ စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီး လူငယ်တွေကို အကြမ်းဖက်ယန္တရားကြီးထဲ အဓမ္မသိမ်းသွင်းတာကို မှန်ကန်ပါပေတယ်လို့ ထောက်ခံရေးသားနေတဲ့ အကြမ်းဖက်ဝါဒကို မယုံကြည်ပါဘူးလို့ ဆိုခဲ့ကြသူတွေက ပရိသတ် အမြောက်အမြားနဲ့၊ နိုင်ငံခြားသားတွေက အထင်ကြီးတဲ့ အမြော်အမြင်ကြီးမားတဲ့ ပညာရှင်ကြီးများအဖြစ် အောင်ပွဲခံနေကြပါတယ်။
အခု ကျနော်တို့ရဲ့ ရဲဘော်၊ ကျနော်တို့ရဲ့ သူရဲကောင်း နိုဘယ်လ်အေးတယောက် ကျဆုံးခဲ့ရပြန်ပါပြီ။
( ၂ )
သူ့နာမည်ရင်းက နှင်းမေအောင်ပါ။ သူ့အမေ ဒေါ်အေးမြင့်သန်းက ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ရှေ့တန်းကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချမှုကို အကြိမ်ကြိမ်ခံခဲ့ရသူပါ။ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူကပဲ ၁၉၉၁ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရတဲ့အချိန်မှာ သူ့သမီးလေး နှင်းမေအောင်ကို နိုဘယ်လ်အေးလို့ အမည်ပြောင်းပေးခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်မှာ ရူပဗေဒဘာသာ အဓိကနဲ့ ကျောင်းတက်ခဲ့တဲ့ နှစ်များအတွင်းမှာ နိုဘယ်လ်အေးဟာ ဗကသများအဖွဲ့ချုပ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ပြီး တတိယနှစ် ကျောင်းတက်နေစဉ် ၁၉၉၈ ခုနှစ်၊ ဒဂုံတက္ကသိုလ် ကျောင်းသားသပိတ်ကို စည်းရုံးလှုံ့ဆော်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကို စစ်တပ်က ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကျဉ်းစစ်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခဲ့ပါတယ်။ အဲဒီကာလက စစ်တပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေကို အင်အားသုံးပြီး ဖြိုခွဲနေတဲ့အချိန်ပါ။ သူ့ထက်စောပြီး သူ့အမေ ဒေါ်အေးမြင့်သန်းက ၁၉၉၈၊ စက်တင်ဘာလ ၆ ရက်နေ့မှာ အဖမ်းခံရပြီး ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံရပါတယ်။ နောက်တော့ စစ်အုပ်စုက သူတို့သားအမိနှစ်ယောက်စလုံးကို ဧရာဝတီတိုင်းထဲက မြောင်းမြအကျဉ်းထောင်ကို ပို့ဆောင် ချုပ်နှောင်ထားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ မြောင်းမြထောင်ကနေ နိုဘယ်လ်အေး လွတ်မြောက်ပါတယ်။ ထောင်ထဲမှာ ၇ နှစ်ကျော် နေခဲ့ရပါတယ်။
နောက်တခါ ရွှေဝါရောင်တော်လှန်ရေးမှာ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တာမို့ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လမှာ ထပ်မံအဖမ်းခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြန်ပါတယ်။ ဒီတကြိမ်မှာတော့ မြင်းခြံထောင်၊ မုံရွာထောင်တွေထဲမှာ ၄ နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ပြန်လွတ်တော့လည်း နိုင်ငံရေး ပြန်လုပ်တာပါပဲ။ ဒီတခါတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ထဲမှာ အများပြည်သူရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့၊ မြှင့်တင်ဖို့ ငြိမ်းချမ်းစွာ တောင်းဆိုလှုပ်ရှားသူတယောက် အဖြစ်နဲ့ပေါ့။
( ၃ )
၂၀၀၅ ခုနှစ်၊ သူ ပထမအကြိမ် အကျဉ်းထောင်က ပြန်လွတ်ပြီး ရန်ကုန်အခြေစိုက် မဂ္ဂဇင်းတခုမှာ ပါဝင်ဆောင်ရွက်ရင်း သူ့လိုပဲ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုတင်အေးနဲ့ ဆုံကြပါတယ်။ ကိုတင်အေးက ၁၉၈၈ ခုနှစ် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဦး၊ ပြီးတော့ ကျနော်နဲ့အတူ ၁၉၈၉ ခုနှစ်၊ ဗကသများအဖွဲ့ချုပ်မှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူ့ကို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တယ်လို့ စစ်အုပ်စုက စွပ်စွဲပြီး ထောင်ဒဏ် နှစ် ၂၀ အပြစ်ပေးခံခဲ့ရပါတယ်။ သူလည်း အကျဉ်းထောင်ထဲမှာ ၁၆ နှစ်ကျော် နေထိုင်ဖြတ်သန်းခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာပဲ အကျဉ်းထောင်က လွတ်ပါတယ်။ ပြီးတော့ နိုဘယ်လ်အေး အလုပ်လုပ်တဲ့ မဂ္ဂဇင်းမှာပဲ ပါဝင်ဆောင်ရွက်ပါတယ်။ ဒီလိုနဲ့ လန်းဆန်းတက်ကြွတဲ့ လူငယ်ဘဝတွေကို အကျဉ်းထောင်ထဲမှာ ကုန်ဆုံးခဲ့ရတဲ့၊ ယုံကြည်ချက်တွေ၊ ရပ်တည်ချက်တွေ ခိုင်မာတူညီကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း စတင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအချစ်ဇာတ်လမ်းလေးဟာ တာရှည်မခံခဲ့ပါဘူး။ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လမှာ နိုဘယ်လ်အေး ထပ်မံအဖမ်းခံရပြီး ကိုတင်အေးလည်း ထိုင်း-မြန်မာ နယ်စပ်ဒေသကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီ နယ်စပ်တနေရာကနေ ကိုတင်အေးက သူ့ချစ်သူကို စောင့်ဆိုင်းခဲ့ပါတယ်။ သူ စောင့်ဆိုင်းရကျိုး နပ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အကျဉ်းထောင်ကနေ ဒုတိယအကြိမ် လွတ်မြောက်ခဲ့ပြီးတဲ့နောက် ဇွန်လမှာ နိုဘယ်လ်အေးတယောက် ထိုင်း-မြန်မာနယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ သူ့ချစ်သူ ကိုတင်အေးဆီ ရောက်ရှိလာခဲ့ပါတယ်။ မပြည့်မစုံနဲ့ အကျဉ်းရုံး ကျင်းပခဲ့ရတဲ့ နိုဘယ်လ်အေးနဲ့ ကိုတင်အေးတို့ရဲ့ မင်္ဂလာပွဲကလေးဟာ ပျော်စရာရှားပါးလှတဲ့ ကျနော်တို့အတွက် ရှားရှားပါးပါး ပျော်ရွှင်ကြည်နူးစရာတခု ဖြစ်ခဲ့ပါတယ်။
အခုတော့ အိမ်ထောင်သက် ၁၂ နှစ်အကြာမှာ နိုဘယ်လ်အေးတယောက် ကိုတင်အေးကို ထားခဲ့ပြန်ပါပြီ။ ဒီတခါတော့ သူတို့ ပြန်လည်ဆုံတွေ့နိုင်ကြမှာ မဟုတ်တော့ပါ။
( ၄ )
၂၀၁၂ ခုနှစ် နောက်ပိုင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကာလမှာ နယ်စပ်ဒေသနဲ့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်ကြပါတယ်။ ကိုတင်အေးနဲ့ နိုဘယ်လ်အေးတို့ နှစ်ယောက်လည်း ပြည်တွင်းကို ပြန်လည်ဝင်ရောက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။ ကျနော်က ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်းမှာ အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အမေရိကန် အဖွဲ့အစည်းတခုမှာ အလုပ်ရလို့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါတယ်။ ကျနော် ပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းကနေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ထောက်ပံ့ကူညီဖို့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် (Fellowship) အစီအစဉ်တခုကို ၂၀၁၇ ခုနှစ်မှာ အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒီအစီအစဉ်က နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ ကို ရွေးချယ်ပြီး သူတို့ စိတ်ဝင်စားတဲ့၊ သူတို့ကိုလည်း လက်ခံတဲ့ အဖွဲ့အစည်းတခုခုမှာ ၆ လကြာ ပါဝင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဲဒီ ၆ လတာအတွက် ကျနော်တို့အဖွဲ့က လစာနဲ့ လက်တော့ကွန်ပြူတာတလုံး ထောက်ပံ့ပါတယ်။ အဲဒီအစီအစဉ်မှာ နိုဘယ်လ်အေးလည်း ရွေးချယ်ခံရပြီး ကျနော်တို့အဖွဲ့ရဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက နိုဘယ်လ်အေး ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းက (XXX) ဖြစ်ပါတယ်။
( ၅ )
စေ့စပ်ဆွေးနွေးရေး လှုံ့ဆော်တိုက်တွန်းသူတွေက ဒီမိုကရေစီအင်အားစုတွေဘက်က “သွေးကြွေးမှာ၊ ဆွေးနွေးစရာမရှိ” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးရေး တံခါးတွေကို ပိတ်ထားတယ်လို့ စွပ်စွဲကြပါတယ်။ ကျနော့်အမြင်မှာ တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေးရေး တံခါးတွေကို ပိတ်ထားတယ်လို့ မယူဆပါ။ တချိန်ချိန်မှာ၊ အထူးသဖြင့် ကိုယ့်ဘက်က အသာစီးရနေတဲ့အချိန်မှာ၊ ရန်သူဘက်က လက်နက်ချ အညံ့ခံတာကို လက်ခံကြမယ့်အချိန်မှာ၊ တွေ့ဆုံဆွေးနွေးရေးဆိုတာ ရှိလာနိုင်တာကို တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေက သိရှိနားလည်ပြီး ပြင်ဆင်ထားကြမှာပါ။
“သွေးကြွေးမှာ၊ ဆွေးနွေးစရာမရှိ"ဆိုတာ ကျနော်တို့လို တဦးတယောက်ချင်း နွေဦးတော်လှန်ရေးမှာ တတ်နိုင်တဲ့အတိုင်းအတာနဲ့ ပါဝင်ဖြတ်သန်းနေကြသူတွေနဲ့ ပိုပြီး သက်ဆိုင်ပါလိမ့်မယ်။ နွေဦးတော်လှန်ရေးက လူတွေရဲ့ အရောင်အသွေး အစစ်အမှန်ကို ဖော်ထုတ်လိုက်ပါပြီ။ အရင် ယုံကြည်ရ၊ အားကိုးရ၊ ရဲဘော်ရဲဘက်၊ သေဖော်သေဘက် ဖြစ်ခဲ့ကြသူတွေက အခုအချိန်မှာ အာဏာရှင်စစ်ခေါင်းဆောင်နဲ့ ပျော်ပျော်ပါးပါး လက်ဆွဲနှုတ်ဆက် ဂုဏ်ယူနေတာတွေ ကျနော်တို့ တွေ့နေရပါပြီ။ စစ်တပ်ကို မုန်းတယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ကို ပိုမုန်းတယ် ဆိုတာကို မဖုံးနိုင်၊ မကွယ်နိုင် ထုတ်ဖော်လာကြသူတွေကိုလည်း တွေ့နေရပါပြီ။ စစ်တပ်လည်းမှားတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်လည်း မှားတယ်၊ ဒါကြောင့် နှစ်ဖက်စလုံး သင်ပုန်းချေကြ၊ ပြန်လည်သင့်မြတ်ကြ၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ အရင်လိုပဲ စစ်တပ်ကို ရန်မလုပ်ဘဲ နေကြလို့ လှုံ့ဆော်နေကြတဲ့ “အကြမ်းမဖက်လှုပ်ရှားသူ” တွေကိုလည်း တွေ့နေရပါပြီ။ ဒီလူတွေအားလုံးဟာ ကျနော်တို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများ ဆက်မဖြစ်နိုင်တော့ပါ။ ကျနော်တို့က သူတို့ကို မဆက်ဆံတော့သလို သူတို့ကလည်း ကျနော်တို့နဲ့ ဝေးရာကို ခွဲခွာသွားနေကြပါပြီ။ အဲဒီလိုလူတွေ ကျနော်တို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းအဖြစ်က ဆုံးရှုံးသွားတာ ဝမ်းနည်းစရာမရှိပါ။ ဒါပေမဲ့ နိုဘယ်လ်အေးလို၊ ဂျင်မီလို၊ ဖြိုးဇေယျာသော်လို ကျနော်တို့နဲ့ ခရီးအစကနေ ခရီးအဆုံးအထိ မပြောင်းမလဲ အတူတကွ ရပ်တည်ခဲ့ကြတဲ့၊ ရပ်တည်နေကြတဲ့ သူရဲကောင်းတွေကို စစ်တပ်ရဲ့ အကြမ်းဖက်မှုအောက်မှာ ဆုံးရှုံးရတာ၊ ဆုံးရှုံးနေရမှာကိုတော့ ဝမ်းနည်းကြေကွဲရမှာပါ။ အဲဒီ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ဒီစာစုကို ရေးသားပြီး နိုဘယ်လ်အေးကို ဦးညွှတ်အလေးပြုလိုက်ပါတယ်။
ညီမရေ၊
နွေဦးတော်လှန်ရေးရဲ့ သမိုင်းမှာ
နင်ဟာ ဘယ်တော့မှ မသေပါ...။
(ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄)
[အချက်အလက်အချို့၊ ပုံအချို့ကို မိုးမခမီဒီယာနဲ့ ကျော်စွာမိုး (ဧရာဝတီ) ရေးသားခဲ့တဲ့ “သူတို့၏ အချစ်ပုံပြင်” ဆိုတဲ့ ဆောင်းပါးကနေ ယူပါတယ်။]