ဂါဇာကမ်းမြောင်က ဟားမတ်စ်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် ယာဟ်ယာ ဆင်ဝါနဲ့ အဆက်အသွယ် ပြတ်တောက်နေတာ ကြာမြင့်ပြီဖြစ်တာကြောင့် ခေါင်းဆောင်သစ်ခန့်ဖို့ ပြည်ပက ဟားမတ်စ်ခေါင်းဆောင်တွေ ကြိုးစားနေကြတယ်လို့ အစ္စရေးဘက်က သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။
မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာ အစ္စရေးက ဆင်ဝါရဲ့ဇာတိမြို့ ခန်ယူနစ်မှာ စစ်ဆင်ရေး အကြီးအကျယ် လုပ်ခဲ့ပါတယ်။
ဆင်ဝါဟာ ထွက်ပြေးတာ၊ လက်နက်ချတာထက် အသေခံတိုက်မယ့်သူလို့ ဟားမတ်စ် တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါပေမဲ့ ဆင်ဝါဟာ မြေအောက်ဥမင်လမ်းကြောင်းကနေ ထွက်ပြေးလွတ်မြောက်သွားကတည်းက ဂါဇာက ဟားမတ်စ်အဖွဲ့ကို ဦးဆောင်မှုပေးမယ့်သူ ဘယ်သူမှ မရှိတော့ဘူးလို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
“ဟားမတ်စ်ရဲ့ ဂါဇာအဖွဲ့က ပြန်မတုံ့ပြန်နိုင်ပါဘူး။ ဆွေးနွေးဖို့ ဒေသခံခေါင်းဆောင် မရှိ ဖြစ်နေတာကြောင့် ပြင်ပကခေါင်းဆောင်တွေက အတွင်းမှာ ခေါင်းဆောင်သစ်ခန့်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်က ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ယာဟ်ယာဆင်ဝါ ဥမင်ထဲက ထွက်ပြေးသွားတယ်ဆိုတဲ့ စီစီတီဗွီမှတ်တမ်းကို အစ္စရေးဘက်က ထုတ်ပြန်ပေးခဲ့ပေမဲ့ ဒီဗွီဒီယိုရဲ့ စစ်မှန်မှုကိုတော့ အတည်မပြုနိုင်ပါဘူး။
“ဟားမတ်စ်က သူတို့တပ်မှူးတွေကို မယုံကြည်ပါဘူး၊ ဒါက အရမ်းသိသာတဲ့ကိစ္စပါ။ ဟားမတ်စ်-ဂါဇာ စခန်းက ဘယ်သူမှ အကြောင်းမပြန်နိုင်ဘူး။ မြေပြင်မှာ ဘယ်သူကမှ ခေါင်းဆောင်အနေနဲ့ စကားပြောနိုင်စွမ်း မရှိကြဘူး” လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက သုံးသပ်ပါတယ်။
ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ နောက်ကွယ်က ဦးဆောင်သူတဦးဖြစ်တဲ့ မိုဟာမက် ဒီအက်ဖ်ဟာ ခေါင်းဆောင်နေရာ အစားဝင်နိုင်သူတဦးအဖြစ် ရှုမြင်ခံရနေပါတယ်။
အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ဆင်ဝါဟာ ၂၀၁၁ တုန်းက အဖမ်းခံထားရတဲ့ အစ္စရေးစစ်သားတဦးနဲ့ လဲဖို့ အစ္စရေးက ပြန်လွှတ်ပေးလိုက်တဲ့ ပါလက်စတိုင်းအကျဉ်းသား ၁,၀၀၀ ထဲက တဦးဖြစ်ပါတယ်။
အစ္စရေးထောင်ထဲမှာ ဆယ်စုနှစ်နှစ်ခုလောက် နေခဲ့ရတဲ့ ဆင်ဝါဟာ ဟားမတ်စ်အဖွဲ့ရဲ့ ပြည်ပမှရှိတဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့ ပြီးရင် ရာထူးအကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
Source/Photo-Reuters