Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ တရားဝင်သာလာရောက်ရန် ထိုင်းဝန်ကြီးချုပ် သတိပေး
DVB
·
February 20, 2024

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံတွင်းကို တရားဝင်လာရင် ကြိုဆိုမှာဖြစ်ပေမဲ့ တရားမဝင်လာရင် ဥပဒေအရ အရေးယူခံရမယ်လို့ ဝန်ကြီးချုပ် ဆေထာထဝီးဆင်က သတိပေးလိုက်တယ်လို့ ဘန်ကောက်စ်ပို့သတင်းစာက ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီက ဧပြီလကစပြီး လူငယ်တွေ စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်မယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ တဟုန်ထိုး မြင့်တက်လာခဲ့ပါတယ်။

“တိုင်းပြည်ထဲကို တရားဝင် ဝင်လာရင်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ခိုးဝင်လာရင်တော့ ဥပဒေအရ အရေးယူရပါလိမ့်မယ်။ ဒီကိစ္စကို လုံခြုံရေးအေဂျင်စီတွေနဲ့ ဆွေးနွေးပြီးပါပြီ” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းတွေက ဒေသခံတွေရဲ့ အလုပ်တွေကို လုယူလိမ့်မယ်ဆိုတဲ့ ပူပန်မှုတွေ ‌လျော့ပါးစေဖို့လည်း ဝန်ကြီးချုပ်က ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံသားတွေ ထိုင်းကို ပြေးလာကြတာဟာ စစ်မှုမထမ်းမနေရဥပဒေကို ရှောင်လွှဲချင်တာက အကြောင်းအရင်းတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းရဲ့ လက်ရှိအလုပ်လက်မဲ့နှုန်းဟာ ၁ ရာခိုင်နှုန်းအောက်သာရှိပြီး အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ အများကြီး လိုအပ်နေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့တွေအနေနဲ့ ထိုင်းမှာ အလုပ်လုပ်ဖို့ သင့်လျော်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆောင်ရွက်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သမ္မားဆတ်တက္ကသိုလ်မှ Pridi Banomyong Institute အမှုဆောင်ကော်မတီဥက္ကဋ္ဌ အနုဆွန်တာမာဂျိုင်က မြန်မာနိုင်ငံမှာ လူငယ်တွေကို စစ်မှုထမ်းခိုင်းတာဟာ နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာတွေအရ ထိုင်းမှာ တရားဝင်လာလုပ်တဲ့ မြန်မာအလုပ်သမားတွေပါ အကျုံးဝင်မှာဖြစ်တဲ့အတွက် တချို့လုပ်ငန်းတွေမှာ အလုပ်သမားပြတ်လပ်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

စစ်မှုမထမ်းမနေရ လုပ်လိုက်တာကြောင့် ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်မှုလည်း မြင့်လာမယ်လို့ သူက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံက ထိုင်းသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တနေ့ကို ဗီဇာလျှောက်ထားမှု ၄၀၀ သာ လက်ခံမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မြန်မာပတ်စ်ပို့ ကိုင်ဆောင်သူတွေဟာ ဗီဇာမလိုဘဲ ၁၄ ရက်အထိ ထိုင်းနိုင်ငံထဲ လာရောက်လည်ပတ်နိုင်ကြောင်းလည်း ကြေညာထားပါတယ်။

Source- Photo- Bangkok Post/ Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024