(၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့၊ ဘာနဘီမှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ကျင်းပသွားပါတယ်။
ဒီပွဲတော်မှာ ကနေဒါရောက် ချင်းတိုင်းရင်းသားတွေနဲ့ မြန်မာအသိုက်အဝန်းက ရာနဲ့ချီ ပါဝင်တက်ရောက်ခဲ့ကြပြီး ချင်းတိုင်းရင်းသားခေါင်းဆောင်တွေက မိန့်ခွန်းတွေ ပြောကြားခဲ့သလို ပညာရေးမှာ အောင်မြင်မှုရခဲ့တဲ့ ချင်းတိုင်းရင်းသားတွေကိုလည်း ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်က ပြည်သူတွေအတွက် ရန်ပုံငွေရှာ ဈေးရောင်းပွဲနဲ့ ချင်းတိုင်းရင်းသား ရိုးရာဝါးညှပ်အက အပါအဝင် တေးသီချင်းတွေနဲ့လည်း ဖျော်ဖြေခဲ့ကြပါတယ်။
မြန်မာပြည်လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ဖေဖော်ဝါရီ ၂၀ ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထုညီလာခံ ကျင်းပပြီး ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကို ချင်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပတာ ဖြစ်ပါတယ်။