မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် ဆီကနေ “ကိုယ်ရေးကိုယ်တာသုံးဖို့အတွက်” ကားတစီး လက်ဆောင်ရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတကာရဲ့ ဝိုင်းကြဉ်ခံလာရတဲ့ ရုရှားဟာ အပယ်ခံ မြောက်ကိုရီးယားနဲ့ ပိုမိုနီးစပ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ ကင်မ်နဲ့ ပူတင်တို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ကတိပြုခဲ့ကြပါတယ်။
ရုရှားထုတ်ကားကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လက်ခံရရှိခဲ့တယ်လို့ မြောက်ကိုရီးယားမီဒီယာက ဖော်ပြပါတယ်။
ခေါင်ဆောင်ကြီး ကင်မ်ဂျုံအန်း ကိုယ်စား ညီမဖြစ်သူက လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဒီလက်ဆောင်ဟာ နှစ်ဖက်ခေါင်းဆောင်ကြီးတွေအကြား အထူးပုဂ္ဂိုလ်ရေးခင်မင်မှုကို ဖော်ပြရာရောက်တယ်လို့ပါ စကားပါးခဲ့ပါတယ်။
ကားအမျိုးအစားနဲ့ ရုရှားကနေ ဘယ်လိုသယ်လာတယ် ဆိုတာကိုတော့ သတင်းမှာ အသေးစိတ် မဖော်ပြထားပါဘူး။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရုရှားရဲ့ အရှေ့ဖျားက အာကာသယာဉ် လွှတ်တင်စခန်းကို ကင်မ်ဂျုံအန်း သွားရောက်လည်ပတ်စဉ် ပူတင်ရဲ့ သမ္မတစီးတော်ယာဉ် Aurus Senat ကို စိတ်ဝင်တစား လေ့လာခဲ့ပြီး ပူတင်က နောက်ခန်းမှာ တက်ထိုင်ကြည့်ဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်။
ကင်မ်ဂျုံအန်းဟာ ကားချစ်သူတယောက်ဖြစ်ပြီး ပြုံယမ်းကနေ အထူးရထားနဲ့ ရုရှားကိုသွားဖို့ ဘူတာရုံကို လာတဲ့အခါ မာစီးဒီးစ်မေဘတ်ချ်ကားနဲ့ လာခဲ့တာ တွေ့ရပါတယ်။
သူ့မှာ မားစီးဒီးစ်ကားတွေအပြင် ရိုးရွိုက်ဖန်တန်၊ လက်စ်ဆပ်စ် စတဲ့ကားတွေလည်း ရှိပါတယ်။
ဒီလို ဇိမ်ခံပစ္စည်းတွေ မြောက်ကိုရီးယားကို တင်ပို့ခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ကို ရုရှားအပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ နိုင်ငံတွေက ချမှတ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် အခု ကားလက်ဆောင်ပေးတာဟာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်နေပါတယ်။
Source/Photo-Reuters