ရခိုင်ပြည်နယ် ကျောက်ဖြူလေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူငယ်တဦး ရမ္မာဝတီခန်းမအတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီလူငယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၅ နာရီလေယာဥ်နဲ့ ကျောက်ဖြူလေဆိပ်ကတဆင့် ရမ္မာဝတီခန်းမအတွင်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးစဥ် သူ့ရဲ့ဖုန်းအတွင်း ရက္ခိုင့်တပ်တော် (အေအေ) နဲ့ပတ်သက်တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် လက်ထိပ်ခတ်ခံထားရကြောင်း ဖမ်းဆီးစစ်ဆေးခံထားရာက လွတ်မြောက်လာသူတဦးက ပြောပါတယ်။
“သူ့ဖုန်းထဲမှာ အေအေနဲ့ပတ်သက်တာတွေ တွေ့တယ်ဆိုပြီး လက်ထိပ်ခတ်ထားတယ်။ မနေ့က နေ့ခင်းပိုင်းလောက်မှာ မီးပလပ်ပေါက်ထဲကို လက်ထိပ်အစနဲ့ ထိုးထည့်နေတာ ခလုတ်ပိတ်ပြီး ဆွဲမြန်လို့ မဟုတ်ရင်သေတယ်။ အခု ခန်းမထဲက လူငယ်တွေကို တယောက်မှ ပြန်မလွှတ်ပေးသေးဘူး။ အသက်ကြီးပိုင်းတွေလောက်ပဲ အိမ်ထောင်စုစာရင်းနဲ့ ရပ်ကွက်ထောက်ခံစာ ပြပြီး ပြန်လွှတ်ပေးတာ။”
ရမ္မာဝတီခန်းမအတွင်း သေကြောင်းကြံစည်ခဲ့သူမှာ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်တိုက်နယ်၊ ကြိမ်တန်းချောင်းရွာနေ အသက် ၂၃ နှစ်အရွယ် မောင်နေဇော်မင်း ဖြစ်ကြောင်းနဲ့ သူ့ကို ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီက စစ်ကောင်စီတပ်က ကျောက်ဖြူ ခလရ-၃၄ ကို လက်ထိပ်ခတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒါ့အပြင် ရန်ကုန်မှ ကျောက်ဖြူကို လေကြောင်းလိုင်းနဲ့ ပြန်လာမယ့်သူတွေအနေနဲ့ မိမိတို့ဖုန်းအတွင်းရှိ နိုင်ငံရေးနဲ့ ဆက်နွှယ်မှုတွေကို ရှင်းလင်းတာအပြင် သက်ဆိုင်ရာ ထောက်ခံချက်တွေကို တပါတည်း ယူဆောင်ပြီးမှ လာရောက်ကြဖို့ မြို့ခံလူထုတွေနဲ့ လူငယ်ကွန်ရက်တွေအကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမအတွင်း ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်က ကျောက်ဖြူလေဆိပ်ကို ဆင်းသက်လာတဲ့ လေယာဥ်ပေါ်ပါ လူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေမှုမှာ လူ ၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်းနဲ့ အဲဒီခန်းမပတ်ဝန်းကျင်ကို စစ်ကောင်စီက လုံခြုံရေးအပြည့်ချထားကြောင်း ဒေသခံတွေထံက သိရပါတယ်။