ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာ၊ သံတံတားကျေးရွာဘက်မှာ ဖေဖော်ဝါရီ ၁၇ ရက် မနက်ကနေ စတင်ပြီး ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။
“ရွာသားတွေ ပိတ်မိနေတာတွေ အများကြီးပဲ။ ရွာ ရဲ့ ၃ မိုင်ပတ်လည်အထိ ဘယ်သူမှဝင်လို့ မရဘူး။ စာသင်ကျောင်းတွေ၊ အိမ်တွေ ပျက်စီးကုန်တယ်လို့ သိရတယ်။ စစ်တပ်က တိုက်လေယာဉ်နဲ့ တအုန်းအုန်း အကြိမ်ရေ ၃၀ တောင် မကလောက်ဘူး၊ လာကြဲနေတာ။ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး သေတယ်လို့ ပြောကြတယ်။ လူမှုကူညီရေးအသင်းကားတွေလည်း မဝင်ရဲဘူး၊ တိုက်ပွဲကပြင်းထန်နေတာ။ အဲနားကနီးတဲ့ ရွာတွေ တောတွေထဲ ပုန်းနေရပါတယ်” လို့ ကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။
စီခမ်းကြီး ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ တပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ အသုံးပြုကာ ခုခံနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဖော်ဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီလောက်ကလည်း စစ်ကောင်စီ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ မံစီမြို့ အိမ်တွေအနီးနဲ့ အိမ်တွေအပေါ် ကျရောက်ပေါက်ကွဲတာကြောင့် အိမ်တချို့ ပျက်စီးခဲ့ရပြီး အဘွား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ တပ်စခန်းဟာ ဗျူဟာကုန်း တပ်စခန်းဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်မှာရှိတဲ့ တပ်စခန်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်ဝါရီလကတော့ မံစီမြို့နယ် မန်ဝိန်းကြီးနဲ့ ကိုက်ထိပ်က စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပါတယ်။