ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ မှော်ဘီတိုးဂိတ်အနီး ညောင်ပင်သာရွာမှာ တပ်နယ်မှူး ဗိုလ်မှူးချုပ် မင်းမင်းစိုး လိုင်းကြေးယူ ဖွင့်လှစ်ထားတဲ့ ကြက်ဝိုင်းကို ဒေသခံတွေက တိုင်ကြားပေမဲ့ ရဲတွေက မဖမ်းပေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
“အဲဒီကြက်ဝိုင်းက မြင့်တယ်။ တော်ရုံ တိုင်လို့မရဘူး။ မြို့နယ်ထွေအုပ်မှာ သွားတိုင်ရင် တိုင်စာက အမှိုက်ပုံးထဲ ရောက်သွားတယ်။ ရဲစခန်းသွားတိုင်ရင် စခန်းက တိုင်တဲ့သူကို ချောင်းပြီး ခွင်ကြုံတာနဲ့ ဖမ်းတာ။ ဘယ်သူမှ မတိုင်ရဲဘူး။ တိုင်လည်း မဖမ်းဘူး” လို့ ပြောပါတယ်။
ကြက်ဝိုင်း ဦးဆောင်သူတွေဟာ ကိုမျိုး၊ သန်းကျော်လင်း၊ စောထူး အပါအဝင် မြို့ခံလူမိုက်တွေက တပ်နယ်မှူးအပြင် မှော်ဘီခရိုင်မှုး ဒုရဲမှူးကြီးငွေတင်ကိုလည်း လိုင်းကြေးပေးထားသူတွေ ဖြစ်တယ်လို့ အဲဒီကြက်ဝိုင်းနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“တိုင်ရင် ချက်ချင်း ဖမ်းလို့မရဘူး။ မြို့နယ်မှူးက ခရိုင်မှူးကို တင်ပြရတယ်။ လာစစ်ဆေးတဲ့ပုံစံ လုပ်တယ်။ ရဲတွေပြန်သွားရင် ကြက်ဝိုင်း ပြန်လုပ်တယ်။ တိုင်းတို့ ခရိုင်တို့အထိ ပေးထားတဲ့အပြင် တပ်နယ်မှူးကပါ လောင်းကစားတွေဘက်က ရှိနေတော့ ဒေသခံတွေ ကြောက်နေတယ်။”
အဲဒီ ကြက်ဝိုင်းရဲ့ တနေ့တာ ဝင်ငွေဟာ သိန်း ၃၀၀ နီးပါးရှိပြီး အဲဒီထဲက သိန်း ၁၀၀ ကို ဝိုင်းဖြစ်တဲ့နေ့တွေမှာ တပ်နယ်မှူး သိန်း ၅၀၊ ခရိုင်မှူး သိန်း ၃၀ နဲ့ မြိုနယ်ရဲစခန်းနဲ့ ထွေအုပ်ကို သိန်း ၂၀ ပေးရပြီး ကျန်ငွေ သိန်း ၂၀၀ ကို ဦးဆောင်သူ ၁၁ ယောက်က ခွဲဝေယူကြတယ်လို့ သိရပါတယ်။
အဲဒီ ကြက်ဝိုင်းကြောင့် မှော်ဘီမြို့နယ်အတွင်း လုယက်မှု၊ ခိုးမှုနဲ့ အိမ်ဖောက်ထွင်းမှုတွေ မကြာခဏဖြစ်ပြီး ရဲစခန်းက ပြစ်မှုကျူးလွန်သူတွေကိုလည်း မဖမ်းနိုင်ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ မကွေးနဲ့ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်က တပ်နယ်မှူး၊ တပ်ရင်းမှူးတွေနဲ့ ရဲတွေက ကြက်ဝိုင်း၊ လောင်းကစားဝိုင်းတွေ ဦးဆောင်ပြုလုပ်ပြီး ဝင်ငွေရှာဖွေနေတာ ဖြစ်ပါတယ်။