မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ခရွဲကျေးရွာမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်တာကြောင့် အမျိူးသမီးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝေါမြို့နယ်၊ လက်ပံကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီလောက်မှာ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ၊ ထင်းတဲပိုင်းကို ဒရုန်းနဲ့ ၃ ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ထင်းတဲပိုင်းမှာနေတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦး ခေါင်းကို ဗုံးစထိမှန်ခဲ့ပြီး နေအိမ် ၃လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။
သိမ်ဇရပ်မြို့ခံတယောက်က “ထင်းတဲပိုင်းမှာ PDF တွေရှိတယ်ဆိုပြီး စစ်တပ် ချန်နယ်တွေက ဖြန့်ထားတာတွေရှိတော့ သူတို့လာကြဲတာ ထင်တယ်။ ဒရုန်းနဲ့ပဲကြဲတာ မဟုတ်ဘူး။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ ထိသွားတဲ့ ကောင်မလေးက ခေါင်းထိသွားတာဆိုတော့ အခြေအနေက ပြောလို့မရသေးဘူး။ သူတို့က စစ်တောင်းမြစ်ကမ်းတလျှောက်လုံးကို အမြဲတမ်းရမ်းသန်း ပစ်နေကြလို့ ခဏ ခဏ လူသေတာတွေ ထိခိုက်တာတွေလည်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဦးခေါင်းဗုံးစထိမှန်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးဟာ သိမ်ဇရပ်တိုက်နယ် ဆေးရုံမှာ ကုသနေတယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာပဲ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်လိုက်တဲ့ ၈၁ မမ လက်နက်ကြီး ၂ လုံးဟာ စစ်တပ်မြစ်ကမ်းဘေး လက်ပံကျေးရွာနားကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း ဝေါမြို့အခြေစိုက် စစ်ကောင်စီတပ်သားတွေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ခရွဲကျေးရွာက နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။