Home
မြန်မာသတင်း
ပြည်သူ့စစ်ဥပဒေ ထောက်ခံရန် မလာမနေရ ဆင့်ခေါ်ပြီး ပွဲလုပ်
DVB
·
February 18, 2024
Pyi MAL support_18022024
Kachin MAL support_18022024
Pyi MAL support 1_18022024

ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ မဘသတွေ ဦးဆောင်ပြီး ပြည်သူတွေ စစ်မှုထမ်းရမယ် ဆိုတဲ့ ဥပဒေထောက်ခံပွဲတွေကို ပြည်မြို့နဲ့မိုးညှင်းမြို့တို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ဒီနေ့ ၁၈ ရက်မှာ  ပြုလုပ်ခဲ့ပါတယ်။

ပြည်မြို့က အုပ်ချုပ်ရေးမှူးတွေကတော့ တရွာကို ၅ ယောက်ကနေ ၁၃ ယောက်အထိ မလိုက်မနေရဆိုပြီး အတင်းခေါ်ယူခဲ့သလို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်မှုထမ်းဟောင်းတွေ၊ မဘသတွေ ပါတယ်လို့ သိရပါတယ်။

ပြည်မြို့မှာ ဒီနေ့ မနက်ပိုင်းက ထောက်ခံပွဲလုပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေက တရပ်ကွက်ကို ၅ ယောက် မဖြစ်မနေ ထည့်ပေးရတယ်လို့ ပြည်မြို့ ဒေသခံတယောက်က ပြောပါတယ်။

“ရွာဘက်တွေကတော့ လူများတယ်။ ကျနော်တို့ မြို့ထဲရပ်ကွက်တွေကတော့ တရပ်ကွက်ကို ၅ ယောက် မဖြစ်မနေ ထည့်ပေးရတယ်။ ကိုယ့်ဟာကိုယ် လိုက်ချင်သူတွေရှိရင်လည်း လိုက်လို့ရတယ်ဆိုပြီး ညက ရာအိမ်မှူးက အိမ်တွေကို လိုက်ပြောတယ်။ ကျနော်သိသလောက်တော့ တယောက်မှ လိုက်မဲ့ပုံမပေါ်ဘူး။ မတော်လို့ PDF က  တခုခုလုပ်ရင် ဘယ်လိုလုပ်မလဲ။ စိတ်လည်း မဝင်စားပါဘူး။ လူတွေဆန္ဒမပါဘဲ ထောက်ခံပွဲဆိုပြီး မလိုက်မနေရတဲ့ ရယ်စရာကြီး” လို့ ပြောပါတယ်။

စစ်ဥပဒေထောက်ခံပွဲကို မြို့နယ်ထွေအုပ်နဲ့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်လုပ်ခဲ့တာဖြစ်ပြီး အဲဒီပွဲအတွက် ပိုစတာတွေ၊ စတစ်ကာတွေကိုတော့ မြို့နယ်ထွေအုပ်က စီစ်ပေးတာလို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီဝင်တယောက်ကလည်း “စစ်မှုထမ်းဟောင်းတွေပါတယ်။ ကျနော်တို့ ပါတီဝင်တွေလည်းပါတယ်။ အမျိုးဘာသာ သာသနာချစ်မြတ်နိုးသူများလည်းပါတယ်။ အွန်လိုင်းပေါ်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ အမျိုးမျိုးဝေဖန်နေကြတာတွေ ရှိလို့ ထောက်ခံတဲ့သူတွေလည်း ရှိပါတယ်ဆိုတာကို ပြည်သူတွေသိအောင် ပွဲကျင်းပရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

ထောက်ခံပွဲကို မနက် ၁၀ နာရီမှာစပြီး ကမ်းနားလမ်း၊ ညဈေးနားကနေ မိချောင်းရဲလမ်းဆုံအထိ အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ လှည့်ပတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျေးရွာဒေသခံတယောက်က “သံပုရွာကတော့ ၁၃ ယောက် ပေးရမယ်ဆိုပြီး နဝဒေးတံတားမှာ စုမယ်တဲ့။ ရွာကို ကားနဲ့လာခေါ်မယ် မနက်အစောကြီးကို၊ အပြန်လည်း ပို့ပေးမယ်၊ ရွာကိုတော့ သိပ်အသိမပေးပါဘူး။ သူတို့ကို ထောက်ခံတဲ့ လူလက်တဆုပ်စာနဲ့ပဲ ဆိုတော့ ၁၃ ယောက်လောက်က ရတယ်လေ။ ရွာအကြီးအသေးအလိုက် လူစာရင်းနဲ့ခေါ်တာ၊ အိမ်နားကတော့ ၃ ယောက်ပါသွားတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာတော့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကြိုဆိုထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေးယူပေးပြီး ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “လုံခြုံရေးကတော့ အရပ်ဝတ်တွေနဲ့ရော၊ ယူနီဖေါင်းနဲ့ရော ကင်းချထားတယ်။ ထောက်က်ခံပွဲလုပ်တဲ့ စုပေါင်းရုံးနားနဲ့ GTI ကျောင်းနားမှာလည်း စစ်တပ်က ကင်းတွေချထားတယ်။ အဲဒီနားပတ်ဝန်းကျင်မှာပဲ ဆိုင်းဘုတ်တွေကိုင်ပြီး ထောက်က်ခံပွဲ လုပ်သွားတာ” လို့  ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်ဝင်စေပြီလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်လာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024