Home
နိုင်ငံတကာ
ရေနံတင်သင်္ဘော တိုက်ခိုက်မှု ဟူသီများတွင် တာဝန်ရှိဟု အမေရိကန်ပြော
DVB
·
February 18, 2024
Oil Tanker_18022024

ယီမင်နိုင်ငံထဲက အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ဟူသီတွေဟာ အရင်ရက်က ဒုံးကျည်ထိမှန်ခဲ့တဲ့ ရေနံတင် သင်္ဘော M/T ဖောလက်ခ်စ် ကို တိုက်ခိုက်ခဲ့တဲ့အတွက် တာဝန်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ 

အီရန် ကျောထောက်နောက်ခံပြု ဟူသီတွေက ထိန်းချုပ်ထားတဲ့ ယီမင်နယ်မြေကနေ သင်္ဘောဖျက်ဒုံးကျည် ၄ စင်းကို ဖေဖော်ဝါရီ ၁၆ ရက်က ပင်လယ်နီထဲကို ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်တိုင်းဌာနချုပ် (Centcom) က စနေနေ့မှာ ပြောခဲ့တာပါ။

ဒုံးကျည် ၃ စင်းထက်မနည်းကို M/T ပေါလက်ခ်စ် သင်္ဘောဆီ ဦးတည်ပစ်လွှတ်ခဲ့တယ်လို့ (Centcom)က ပြောပါတယ်။ 

ပနားမားအလံလွှင့်ထားတဲ့ ဒိန်းမတ်ပိုင်သင်္ဘောဟာ ပစ်ခတ်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

အိန္ဒိယနိုင်ငံဆီ ရေနံစိမ်းတင်လာတဲ့သင်္ဘောဟာ ဘယ်ဘက်ခြမ်းမှာ ဒုံးကျည်ထိမှန်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ပြောပါတယ်။ 

ဒီသင်္ဘောဟာ ရုရှားနိုင်ငံ ပင်လယ်နက် ဆိပ်ကမ်းမြို့ နိုဗိုရိုစီးက်စ် ကနေ ဇန်နဝါရီ ၂၄ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာ အိန္ဒိယနိုင်ငံ ပါရာဒစ်ပ် ဆိပ်ကမ်းမှာ ဆိုက်ကပ်ဖို့ စီစဉ်ထားတာလို့ မီဒီယာတွေက အစီရင်ခံ ထားပါတယ်။ 

ဟူသီတွေဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ စစ်ပွဲအတွင်း ပါလက်စတိုင်းတွေနဲ့ သွေးစည်းနေပြီး ပင်လယ်နီနဲ့ ဘဘ် အယ်လ် မန်ဒက်ဘ် ရေလက်ကြားက နိုင်ငံတကာ ကုန်သွယ်မှုသင်္ဘောတွေကို မောင်းသူမဲ့လေယာဉ်တွေ ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

Source/Photo-REUTERS/Yoruk Isik

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024