Home
မြန်မာသတင်း
ပျူစောထီးရွာက ပြည်သူများကို ကယ်ထုတ်ရင်း မိုင်းနင်းမိသည့်ရဲဘော် ဆေးကုစရိတ် လိုအပ်နေ
DVB
·
February 18, 2024
Mine Victim YDF_18022024

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာက ထွက်ပြေးလာတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း မြေမြှုပ်မိုင်းနင်းမိတဲ့ ကာကွယ်ရေးရဲဘော်အတွက် ဆေးဝါးကုသစရိတ် လိုအပ်နေတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က မြောက်ခင်ရန်းကျေးရွာကနေ ထုတ်ပြေးလာတဲ့ ပြည်သူတွေကို သွားခေါ်ထုတ်ရင်း YPDF တပ်ဖွဲ့ရဲ့ တပ်စုမှူးတယောက်ဖြစ်တဲ့ အသက် ၃၀ အရွယ် ရဲဘော်ပေါက်ကျိုင်းဟာ ပျူစောထီးတွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့တာဖြစ်ပါတယ်။

YPDF ဥက္ကဋ္ဌ ကိုယောလေးက “မြောက်ခင်ရမ်းက ထွက်ပြေးလာတဲ့ ပြည်သူတွေကို ကယ်ထုတ်ပြီးအပြန်မှာ နင်းမိတာပါဗျ။ ခြေထောက်က ဘယ်ဘက်ခြေသလုံးကနေ ဖြတ်လိုက်ရတယ်။ လောလောဆယ်တော့ ဒဏ်ရာက သက်သာနေပါပြီ။ ခြေတုတပ်ဖို့နဲ့ ဆေးဖိုးဝါးခအတွက် ငွေကြေးလိုအပ်ချက်လေးရှိလို့ ပြင်ဆင်နေဆဲပါဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ကလည်း မြောက်ခင်ရန်းက ထွက်ပြေးလာတဲ့ အမျိုးသမီး ၂ ယောက် မိုင်းနင်းမိလို့ ၁ ယောက် သေဆုံးပြီး ၁ ယောက်ကတော့ ခြေတဖက်ဆုံးရှုံးခဲ့တယ်လို့ YPDF နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ကိုယောလေးက “ပျူစောထီးတွေ ထောင်ထားတဲ့မိုင်းပါ။ စစ်တပ်ကသုံးတဲ့ မိုင်းအသေးလေးတွေပါ။ ချီတတ်မိုင်းလို့ခေါ်တဲ့ နင်းမိုင်းလေးတွေဗျ။ မြောက်ခင်ရန်းတင်မက ပျူစောထီးရွာတွေမှာ သူတို့ဆီလာနိုင်တဲ့ လမ်းတွေပေါ်မိုင်းတွေ ထောင်ထားတာပါ” လို့ ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လလယ်အထိ မြောက်ခင်ရန်း ပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေထဲက အယောက် ၁၀၀ လောက်ကို YPDF က  ကူညီကယ်ထုတ်ပေးခဲ့တယ်လို့လည်း သိရပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်တွေ အသုံးပြုတဲ့လမ်းတွေက မိုင်းတွေကို ရှင်းလင်းပေးနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024