Home
မြန်မာသတင်း
ဆီဆိုင်တွင် လက်နက်ကြီးကြောင့် ၆ လသားကလေး အပါအဝင် ၂ ဦးသေ၊ ဟိုပုံးတွင် လေကြောင်းက တိုက်ခိုက်နေ
DVB
·
February 18, 2024
Psi Saing Bomb victimss_18022024
Me Nal Taung idps_18022024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ၆ လသား အရွယ်ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးခဲ့ပြီး  ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသမှာလည်း ကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့နဲ့ တိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်မယ်ထင်ရာ ထွက်ပြေးနေကြရပါတယ်။

ဆီဆိုင်မြို့နယ်၊ ထမ်းယံရွာနဲ့ ထီတမ်ရွာထဲက တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီ ၁၇ ရက်ည ၉ နာရီလောက်ကျော်မှာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

ထမ်းယံရွာ ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။ ရုတ်တရက်  ပစ်လာတော့ ရွာသား အိမ်ပေါ်တည့်တည့်ကျတယ်။ ရှောင်ချိန်လည်းမရတော့ပါဘူး။ ၆ လအရွယ် ကလေးငယ်တဦးသေတယ်။ ကလေးငယ်မိဘတွေလည်း ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

ထီတမ်ရွာက အမျိုးသား ၁ ယောက်လည်း သေဆုံး၊ ၂ ယောက် ဒဏ်ရာရပြီး ထမ်းယံရွာသား ၅ ယောက် ဒဏ်ရာရသလို အိမ် ၂ လုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

PNO ပြည်သူ့စစ်နဲ့ဘန်းယဉ်မြို့အခြေစိုက်စစ်ကောင်စီတပ် ခမရ ၄၂၅ နဲ့ ၄၂၆ တပ်ကနေ အကြောင်းမဲ့ ပစ်ခတ်လာတာလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

“အဲဒီရွာမှာ ကျနော်တို့အဖွဲ့ တပ်လည်းမရှိဘူး။ တပ်စွဲထားတာလည်းမရှိပါဘူး။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်က အကြောင်းမဲ့သက်သက် ပစ်ခတ်ဖျက်ဆီးတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့  အိမ်ပေါ်ထပ်မှာနေတာထက် အိမ်အောက်ထပ်မှာနေတာတို့ ဗုံးခိုကျင်း တူးထားတာတို့ပြင်ဆင်ထားသင့်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ တိုက်ခိုက်လာတာကြောင့် ဒေသခံ ၂,၀၀၀ ကျော်လည်း ညတွင်းချင်းဘေးကင်းရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ ပဆျားကြိုးရွာ ဒေသခံ ၂ ယောက် ပွဲချင်းသေဆုံးပြီး ၄ ယောက် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါသေးတယ်။

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသမှာတော့ စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတို့နဲ့ ကျေးရွာတွေကို တိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးကင်းမယ်ထင်ရာ တောတောင်ထဲ ထွက်ပြေးနေကြရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က နောင်စုံရွာထဲကို လက်နက်ကြီး အကြိမ် ၅၀ မက ပစ်ခတ်လာခဲ့ပြီး ဒေသခံ အရပ်သားနေအိမ်တွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။

ဒေသခံတယောက်က “ရွာထဲ ဘယ်သူမှ မပြန်ရဲဘူး။ ဒရုန်းလည်း အချိန်တိုင်းဝဲနေတယ်။ တိုက်ပွဲဖြစ်ပွားမှုလည်း မရှိသေးပါဘူး။ စစ်ကောင်စီက တဖက်သက် ပစ်ခတ်လာနေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နောင်စုံ၊ ထီတဲမ်းလိတ်၊ လုံးဒါ၊ နောင်သဲင်၊ ထမ်းဗွိုန်၊ ကျောင်းခမ်း၊ ထီခေါင်၊ ကျောက်ကဆျား၊ စံဖူးရွာတို့ကို ပစ်ခတ် တိုက်ခိုက်နေတာဖြစ်ပြီး ရွာသား အများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒေသခံတယောက်က “ရွာထဲမှာ PNLA(ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ်) လည်း လာနေတယ်။ အဲဒါကြောင့်စစ်ကောင်စီ တိုက်ခိုက်လာတာလို့ ထင်ပါတယ်။ တောထဲအိပ်ရတော့ ခုချိန်က အရမ်းအေးတယ်လေ။ အဖိုးအဖွား ကလေးတွေကိုပဲ သနားပါတယ်” လို့ ပြောပါတယ်။

PNA ပြည်သူ့စစ်နဲ့ စစ်ကောင်စီကလည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က နောင်စုံ-ကျောက်ကဆျား-ဟိုပုံးလမ်းမကြီးကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေဟာ  တောင်ကြီးမြို့ဘက်ကို ထွက်ပြေးဖို့ အခက်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ကျောက်ကဆျားရွာကို စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်လို့ အမျိုးသား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024