စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တော်ဝင်နဂါးစစ်ကြောင်းတို့ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်က တိုက်ပွဲဖြစ်ပြီး လေကြောင်းစစ်ကူကြောင့် တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
စစ်ကြောင်းဟာ ပုလဲမြို့ဘက်ကနေ စတင်ထွက်လာပြီး အသင့်စောင့်နေတဲ့ BNRA တပ်ရဲ့ တော်ဝင်နဂါးစစ်ကြောင်းတို့ ထိပ်တိုက်တွေ့ပြီး အခုလို တိုက်ပွဲဖြစ်တာလို့လည်း သိရပါတယ်။
တော်ဝင်နဂါးတပ်ရဲ့ တာဝန်ရှိသူဗိုလ်နဂါးက “တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ ကျနော်တို့ ပုလဲမြို့အနောက်ဘက် ၂ မိုင်အကွာမှာရှိတဲ့ လက်ပုကန်နဲ့ ကုက္ကိုစုရွာကြားမှာ တိုက်ပွဲ စဖြစ်တယ်။ သူတို့ဘက်က စစ်ကောင်စီ ၁၀ ဦးအထက်ကျဆုံး အထိနာပြီး နေ့ခင်း ၁၁ နာရီထိုးပြီးတော့ မုံရွာ နမခ ကနေ Mi 35 အမျိုးအစားနဲ့ ပစ်ခတ်ဗုံးကြဲ ပစ်ကူလုပ်ပေးသွားတယ် အဲလို သူတို့ဘက်က ပစ်ကူတာကြောင့် ကျနော်တို့ဘက်က တပ်ခွဲမှူး ကောင်းကင် ကျဆုံးခဲ့ရတယ်။ တိုက်ပွဲကတော့ ခဏနားနေတယ်လို့ပဲ ပြောရမယ်။ စောင့်ကြည့်အနေအထားပေါ့” လို့ DVB ကို အတည်ပြု ပြောဆိုပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေဆီကို လှည့်လည် စစ်ကြောင်းမထိုးတာ ၂ လလောက်ကြာပြီလို့ ဒေသခံတွေက ဆိုပါတယ်။
အခု စစ်ကြောင်း စထွက်လာတာဟာလည်း ပျူစောထီးကျေးရွာတွေက ပျူစောထီးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ အလင်းဝင်ရောက်တာ တနေ့တခြားများပြားလာတာကြောင့် ဖြစ်တယ်လို့လည်း စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဇီးဖြူကုန်း ပျူရွာကကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ၆ ဦး၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ၇ ဦး စုစုပေါင်း ၁၃ ဦး အလင်းဝင်လာသလို အင်မထီး ပျူရွာကလည်း ဖေဖော်ဝါရီ ၁၇ ရက် နေ့က ၁၉ ဦး ပုလဲမြို့နယ်ပအဖအဖွဲ့ဆီ ခိုလှုံ အလင်းဝင်လာတယ်လို့ မြို့နယ်ပအဖ တာဝန်ခံ ကိုဇော်ထက်က ပြောပါတယ်။