ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက ပြင်ပရောက်နေတဲ့ မိသားစုဝင်တွေကို တပ်ကပြန်လည်ခေါ်ယူကာ စစ်မှုထမ်းခိုင်းနေတာကြောင့် ဒုက္ခရောက်နေကြတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
"စစ်မှုထမ်းဥပဒေထွက်လာပြီး နောက်ရက် အဖေကဖုန်းဆက်တယ်၊ သားပြန်လာမလား၊ ပြန်လာရင် စစ်မှုထမ်းရမယ်၊ စစ်ထဲမှာမနေချင်ရင် လုံးဝမလာနဲ့တော့တဲ့။ စစ်တပ်ထဲမှာ မနေချင်လို့ ရန်ကုန်တက်ပြီး အလုပ်လာလုပ်တာ လုံးဝပြန်မသွားဘူး။"
အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်တပ်ဖွဲ့တွေမှ ပြင်ပမှာ အလုပ်ထွက်လုပ်နေတဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ ပြန်လည်ခေါ်ယူနေတယ်လို့ နတခနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"တိုင်းစစ်ဌာနချုပ်က လက်အောက်ခံတပ်တွေက အပြင်ထွက်ပြီး အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်စာရင်းတွေတောင်းတယ်။ အခုဥပဒေက အကုန်လုံးနဲ့ဆိုင်တယ်၊ ဒီတော့ တပ်မိသားစုဝင်လည်း စစ်မှုထမ်းရမယ်၊ အဲ့လိုစာရင်းတောင်းမှ မိန်းကလေးတွေက အိမ်ထောင်ပြုပြီး ယောကျ်ားလေးတွေက လုံးဝပြန်မလာတော့ဘူး။ ထပ်ပြီးစာထုတ်ထားတယ်။"
ရန်ကုန်တိုင်းစစ်ဌာနချုပ်ကတော့ ဖေဖော်ဝါရီ ၁၆ ရက်မှာ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေမှ အရာရှိစစ်သည်တွေရဲ့ မိသားစုဝင်စာရင်းကို ကောက်ယူနေတယ်လို့ ခြေမြန်တပ်ရင်းတခုမှ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
"ညီမကတော့ အိမ်ကဖုန်းဆက်တော့ ပြန်ပြောလိုက်တယ်၊ တပ်ထဲတော့ မဝင်ဘူး ယောကျ်ားပဲယူမယ်လို့။ တပ်မှာ ရှေတန်းသွားရင် တိုက်ပွဲမှာကျတဲ့သူတွေချည်းပဲ၊ တော်ကြာ တပ်ထဲရောက် တပ်ကသူနဲ့ညား၊ ငယ်ငယ်လေးနဲ့မုဆိုးမဖြစ်မှာ။"
စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုလက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။