ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုလိုက်ပြီးနောက် ကိုရီးယားကို ရာသီချိန်လုပ်သားစေလွှတ်မယ်ဆိုတဲ့ လိမ်လည်မှုတွေ ပိုများလာနေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက "ကိုရီးယားကိုအမြန်သွားရမယ်။ အမြန်ကြေးတော့ရှိတယ်ဆိုပြီး လုပ်နေကြတာ။ စစ်မူထမ်းအမိန့် ထွက်ပြီးတော့ ပိုတောင်မက်လုံးပေးလို့ ကောင်းသွားတယ်။ အခုဆို ထပ်ပြီး အလိမ်ခံနေရတဲ့သူတွေလည်း မနည်းဘူး။ လိမ်နေတာပါလို့ပြောလည်း လက်မခံကြဘူး။"
လိမ်လည်သူတွေဟာ ရုံးခန်းဖွင့်ပြီး ယုံကြည်အောင်လုပ်နေသလို အင်တာနက် လူမူကွန်ရက်တွေမှာ Group တွေ ဖွဲ့ပြီး စည်းရုံးနေကြတယ်လို့ အဲဒီအလုပ်အကြောင်းလေ့လာနေသူတဦးက ပြောပါတယ်။
"Group တွေမှာဆိုရင်လည်း သူတို့လူတွေအများကြီး။ ယုံကြည်အောင် အမျိုးမျိုးပြောနေကြတာ။ အဲဒီအလုပ်က မယုံရဘူးလို့ ဝင်ပြောသူရှိရင် ဝိုင်းပြီးရန်လုပ်တယ်။ ပြီးရင် ဝင်ပြောမရအောင် ပိတ်ပစ်တယ်။"
တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားလွှတ်မယ်ဆိုတဲ့ကိစ္စ ကြံ့ခိုင်ရေးပါတီကနေ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကစပြီး ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
သင်တန်းကျောင်းတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ ဖွင့်လှစ်ထားပြီး အလုပ်သမားစုဆောင်းကာ ငွေကြိုတင်ရယူတာတွေလည်း ရှိပါတယ်။
ရာသီချိန်လုပ်သားအနေနဲ့ သွားချင်တဲ့သူတွေဟာ တဦးကို ကျပ် ၁၀ သိန်းကနေ ၈၅ သိန်းအထိ အရစ်ကျပေးသွင်းထားရပြီး မသွားဖြစ်လို့ ငွေပြန်တောင်းရင် ထုတ်မပေးကြောင်း ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
လိမ်လည်နေသူတွေက ရာသီချိန်လုပ်သားပို့တာကို ပါတီက စီစဥ်တာဖြစ်လို့ စိတ်ချယုံကြည်ရတယ်ဆိုပြီး စည်းရုံးနေကြတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံဘက်က မြန်မာနုံင်ငံကနေ ရာသီချိန်လုပ်သား ခေါ်မယ့်သတင်းကို ငြင်းဆိုထားပြီး သက်ဆိုင်ရာပြည်နယ်နဲ့ ဌာနဆိုင်ရာတွေအနေနဲ့ စစ်ကောင်စီနဲ့ ရာသီချိန်လုပ်သား ခေါ်ယူရေး နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်မထိုးဖို့ ရုံးတွင်းညွှန်ကြားချက်တွေ ထုတ်ထားတာရှိတယ်လို့ အဲဒီနိုင်ငံရှိ မြန်မာလူမှုအဖွဲ့တွေဆီက သိရပါတယ်။
အခုလို ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ အလုပ်သမားစုဆောင်းငွေရယူနေတာဟာ ပြည်ပအလုပ်အကိုင် ဥပဒေ ပုဒ်မ ၂၆ နဲ့ ငြိစွန်းနေပြီး ထောင်ဒဏ် ၇ နှစ်အထိ ချနိုင်တဲ့ ပြစ်မှုကျုးလွန်းတာဖြစ်တယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေက ဆိုပါတယ်။