ပြင်သစ်နဲ့ ယူကရိန်းတို့ဟာ ဖေဖော်ဝါရီ ၁၆ ရက်က နှစ်နိုင်ငံ လုံခြုံရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး အဲဒီသဘောတူညီချက်ထဲမှာ ရုရှားနဲ့ စစ်ဖြစ်နေချိန်အတွင်း ယူကရိန်းကို ကူညီပေးဖို့ ဒီနှစ်မှာ ကိယဗ်ကို ပိုများပြားတဲ့ လက်နက်တွေ ပေးပို့ပြီး စစ်သားတွေကိုလည်း လေ့ကျင့်ပေးမယ့်အပြင် အခုနှစ်အတွင်း ယူရို ၃ ဘီလီယံအထိ စစ်ရေးအကူအညီတွေ ပေးပို့မယ် ဆိုတဲ့ ပါရီအစိုးရဆီမှ ကတိပြုထားချက်တွေလည်း ပါဝင်ပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ယူကရိန်းသမ္မတ ဇလန်စကီးတို့ လက်မှတ် ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်မှာ ၂၀၂၄ ခုနှစ်မှာ ယူကရိန်းကို နောက်ထပ် စစ်ရေးအထောက်အပံ့ ယူရို ၃ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၂၄ ဘီလီယံ) အထိ ပံ့ပိုးပေးမယ်လို့ ပြင်သစ်က ကတိပြုထားပါတယ်။
ကိယက်ဗ်ဟာ အလားတူ အပေးအယူတွေကို ဗြိတိန်နဲ့ဂျာမနီတို့ဆီမှ ရရှိထားပြီးနောက်မှာ ပြင်သစ်နဲ့ သဘောတူညီချက် ထပ်မံရရှိခဲ့တာဖြစ်ပြီး ပြင်သစ်က အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရေးအတွက် စစ်လက်နက်ပစ္စည်းတွေကို ပိုမိုထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။
ဇလန်းစကီးနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက်ခရွန်က ဥရောပကို ဦးတည်တဲ့ ရုရှားရဲ့ ရန်စမှုတွေက မဟုတ်မမှန် လုပ်ကြံသတင်းတွေ တိုးမြင့်လုပ်ဆောင်လာနေတဲ့ အဆင့်သစ်ကို ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မတ်လလယ်မတိုင်ခင်မှာ ယူကရိန်းနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ အာကာသအတွင်း စီစဉ်ထားတဲ့ နျူကလီးယားလက်နက်တွေ လုပ်ဆောင်မှုများဆိုင်ရာ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ရှင်းလင်းချက် အမြန်ပေးသင့် ကြောင်းလည်း ဆိုပါတယ်။
ဒီအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီးတော့ သတိကြီးကြီး ထားနေကြောင်းနဲ့ ဒါပေမယ့်လည်း ဒီအချက်အလက်တွေကို အတည်ပြုခဲ့မယ်ဆိုရင် ဒီဇာတ်ကြောင်းဟာ အလွန်လေးနက်ပြီးတော့ တရားလည်း မ၀င်သလို၊ ကမ္ဘာကြီးကို မတည်မငြိမ်ဖြစ်စေတဲ့အပြင် နိုင်ငံသားတွေအတွက် စိုးရိမ်စရာဖြစ်စေမှာပါလို့လည်း မက်ခရွန်က ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters