Home
မြန်မာသတင်း
မံစီမြို့ပေါ်ကို စစ်ကောင်စီ အမြောက်ဖြင့်ပစ်၊ လူနှင့် အိမ်တချို့ ထိခိုက်
DVB
·
February 17, 2024
man 1722024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ထဲက ရပ်ကွက်တွေကို ဖော်ဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီလောက်မှာ စစ်ကောင်စီရဲ့ အမြောက်တပ်က ပစ်ခတ်တာကြောင့်  လူတချို့ထိခိုက်ပြီး အိမ်တချို့လည်း ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်အခြေစိုက် ခလရ ၄၇ တပ်နဲ့ မံစီမြို့နယ် ခမရ ၆၀၁၊ ၃၁၉ တပ်ကြား အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် အိမ်တွေအနီးနဲ့ အိမ်တွေအပေါ် ကျရောက်ပေါက်ကွဲလို့ အိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရသလို လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒေသခံတယောက်က “ဟုတ်တယ်။ ၁၂၀ မမ၊ ၆၀ မမ ထင်တယ်။ လက်နက်ကြီးတွေ ကျလို့ မောရဝတီရပ်ကွက်နဲ့ ပြင်ဦးလွင်ရပ်ကွက်က အိမ်တချို့ ထိခိုက်ပျက်စီးတယ်။ ဆရာမ လီလီဆန်းတို့အိမ်ဆို တော်တော်ကြီး ပျက်စီးသွားတာ။ ပြင်ဦးလွင်ရပ်ကွက်က အသက် ၆၀ ကျော်အရွယ် အဘွားတဦး ထိခိုက်ဒဏ်ရာရတယ်။ နွားတကောင်လည်း သေတယ်၊၊ ကက်သလစ်ဘုရားကျောင်းဝန်းထဲလည်း လက်နက်ကြီး ကျတယ်။ စိုးရိမ်စရာတော့ မဟုတ်ပေမယ့် တော်တော်ကြောက်စရာ ကောင်းပါတယ်” လို့ ပြောပါတယ်။

ဒေသခံနောက်တယောက်ကလည်း ပြီးခဲ့တဲ့လတုန်းက မံစီမြို့နယ်က စစ်ကောင်စီရဲ့ စခန်းကုန်း၊ မံဝိန်းကြီးနဲ့ ကိုက်ထိပ်စခန်းတွေ သိမ်းခံထားရသလို အခုလည်း မံစီမြို့က ရဲစခန်းကို သိမ်းမယ်လို့ သတင်းတွေထွက်နေတာကြောင့်ဖြစ်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်ဝါရီလကလည်း မံစီမြို့နယ် မန်ဝိန်းကြီးနဲ့ ကိုက်ထိပ်က စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက် ထားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် ထိစပ်ဒေသက တံတား ၂ စင်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်ဖျက်ဆီးခဲ့ပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာလည်း မံစီမြို့နယ် စီခမ်းကြီးနဲ့ အောက်ချောင်းဘက်မှာ စစ်ရေးတင်းမာနေတယ်လို့ သတင်းရရှိပါတယ်။

ပုံ - ဒေသခံ CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024