စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ပျူစောထီး အားကောင်းတဲ့ တင်ဘက်ရွာကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ခင်းအစောပိုင်းမှာ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းကင်းမြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ကံရွာကို ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပြီး အခု တင်ဘက်ရွာကို တိုက်ခိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူ ဒေသခံတယောက်က “ဒီနေ့က တင်ဘက်ရွာကို ကာကွယ်ရေးတပ်တွေက ဝင်တိုက်တာ။ မနက်ခင်း ၈ နာရီလောက်ရောက်တော့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးသီး ၄ လုံးချတိုက်ခိုက်ပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်စစ်ကူ ပေးခဲ့တယ်ဗျ။ အဲလိုစစ်ကူပေးပြီး ကာကွယ်ရေးဘက်က အထိအခိုက် အကျဆုံးတော့ မသိရသေးဘူး။ ပျူတွေဘက်ကတော့ စစ်ကောင်စီ လေယာဉ်နဲ့ မှားယွင်းပစ်ခတ်ခံရပြီး ကျနော်တို့ မင်းကင်းဆေးရုံဆီ လူနာတွေ လာပို့တာရှိတယ်ဗျ။ အခြေအနေဆိုးတဲ့ လူနာက ၄ ဦးလောက်ရှိတယ်။ ပေါက်ပြဲ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ အတော်လေးများတယ်” လို့ ပြောပါတယ်။
အခုတိုက်ခိုက်ခံနေရတဲ့ တင်ဘက်ပျူရွာဟာ ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးဆန်းဝင်းရဲ့ ကျေးရွာဖြစ်တယ်လို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ဦးဆန်းဝင်းကတော့ ကံရွာတိုက်ပွဲမှာထိခိုက်ပြီး ကလေးဆေးရုံကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ခေါ်သွားတယ်လို့ ကျနော်တို့ သတင်းရထားတယ်။ ဒီနေ့ ဖြစ်တာကတော့ ဦးဆန်းဝင်းတပည့်တွေနဲ့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်လို့ ကျနော်တို့ဘက်က စခန်းသိမ်းနိုင်ခါနီးကျမှ ဂျက်ဖိုက်တာနဲ့ လာပစ်ခံရတာ။ ပစ်တာက သူတို့လူတွေရှိတဲ့ဘက် ပစ်ခတ်တာ ပိုလုပ်သွားတယ်။ ကျနော်တို့ ရှိတဲ့ဘက်ကတော့ အနည်းအကျဉ်းလောက်ပဲ ပစ်သွားတယ်။ လေယာဉ်နဲ့ ပစ်ခတ်လို့ ကျနော်တို့ဘက်က ရဲဘော်အနည်းအကျဉ်းလောက် ထိခိုက်ဒဏ်ရာရရှိတယ်။ သူတို့ဘက်ကတော့ သေဆုံးတဲ့ အလောင်းတွေတောင် လာမကောက်နိုင်ကြ သေးဘူးဗျ။ ကျနော်တို့ မျက်မြင်ကတော့ အလောင်း ၄ လောင်း တွေ့ခဲ့တယ်။ ကျန်တဲ့သူတွေ မြင်ခဲ့တဲ့ အလောင်းတွေလည်းရှိတယ်။ အရေအတွက်အတိကျတော့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။
စစ်တပ်ထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း မင်းကင်းမြို့နဲ့ ၅ မိုင်အကွာက ကူလဲရွာ၊ ကံရွာ၊ အင်ကြင်းတောင်ရွာတို့က PDF က တိုက်ခံသိမ်းပိုက်ထားပြီး မကြာခင် မင်းကင်းမြို့ပါ သိမ်းခံရနိုင်ခြေရှိတယ်လို့ ပြောဆိုနေကြပါတယ်။
အခုလို စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာ ၁၅ ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ကစလို့ မင်းကင်းမြို့နယ်ထဲမှာ မိုဘိုင်းဖုန်းခေါ်ဆိုဆက်သွယ်မှုကို မြန်နှုန်းနိမ့် 2G ဝန်ဆောင်မှုကိုပဲပေးထားပြီး စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းတာလုပ်လာတဲ့အချိန်မှာ ဖုန်းခေါ်ဆိုတာကိုပါ ဖြတ်တောက်ပစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
Photo - မင်းကင်းကျောင်းသားတော်လှန်ရေးအဖွဲ့