ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တောင်ဘက် တောထဲမှာ စစ်ရှောင်နေတဲ့ ပြည်သူတွေဟာ အလှူရှင်လည်းမရှိသလို လမ်းကြောင်းတွေလည်း ပိတ်ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်တယောက်က “ဆီဆိုင်မြို့တောင်ဘက် ရှိတဲ့ ရွာထဲလည်း ရှောင်တာရှိတယ်။ အများစုကတော့ တောထဲပဲနေကြတယ်။ ဂူတို့ထဲပေါ့နော်။ ရွာထဲနေရင် ဗုံးကြဲခံရမှာ စိုးရိမ်တာကြောင့် တောထဲ တောင်ထဲပဲ ရှောင်ကြတယ်။ အစားအသောက်က မရှိဘူး။ ဖြစ်သလို စားရပါတယ်။ တောထဲရှိတဲ့ အသီးအရွက်တွေပဲ ချက်ပြုတ် စားသောက်ရတယ်။ တချို့ဆို ပါလာတဲ့ဆန်လည်း ကုန်ပြီ” လို့ ပြောပါတယ်။
စစ်ရှောင်တွေနေကြတဲ့နေရာဟာ သောက်ရေလည်းရှားပါးပြီး ရေမသန့်တာကြောင့် အရေပြားယားယံတာ စတဲ့ရောဂါတွေလည်း ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တယောက်က “အချိန်ကြာလာတော့ လိုအပ်ချက်တွေ ပိုပိုများလာတယ်။ ဒီဘက်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း ရလိုက် မရလိုက်ဖြစ်နေတာ။ ကြာရင် ဒီတောထဲပဲ လူမသိ သူမသိ သေသွားမလား စိုးရိမ်နေမိတယ်။ ခုဆို စားသောက်ဖို့ကအစ အရမ်းဒုက္ခရောက်တော့ အဲလိုတွေးမိတယ်” လို့ ပြောပါတယ်။
ဆီဆိုင်မြို့တောင်ဘက်က တောတောင်တွေထဲမှာ စစ်ရှောင်ပြည်သူတွေ ဖြန့်ခွဲနေထိုင်ကြပြီး ခန့်မှန်း လူဦးရေ ထောင်ချီရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်ရှောင်ပြည်သူတွေဟာ ဇန်နဝါရီ ၂၃ ရက် ဆီဆိုင်မြို့တိုက်ပွဲ စတင်ကတည်းက ရှောင်လာကြတာဖြစ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုအများစု ပါဝင်တယ်လို့ သိရပါတယ်။