မကွေးတိုင်း၊ ကံမမြို့နယ်မှာ တပ်သားသစ်စုဆောင်းဖို့ ဆွေးနွေးပွဲလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်တယောက်တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့ ည ၉ နာရီဝန်းကျင်က ကံမမြို့၊ ငမဲရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ သူ့လူ ၅ ယောက်တို့ တပ်သားသစ်စုဆောင်းဖို့ ဆွေးနွေးနေချိန်မှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်ပစ်ခတ်သွားတာလို့ သိရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် အသက် ၅၀ အရွယ် ငမဲရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအေးဇော် နေရာမှာတင် သေဆုံးခဲ့ပြီး သူ့လူ ၅ ယောက်ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ရွာခံတယောက်က “အုပ်ကြီးက အိမ်ထဲမှာ သူ့လူတွေနဲ့ စစ်သားစုဆောင်းရေးကိစ္စ ဆွေးနွေးနေတာ၊ လက်နက်ကိုင်တွေက လာပစ်သွားတာ။ ဗိုက်မှာကျည် ၇ ချက်နဲ့ တခြားသူတွေက ထွက်ပြေးသွားတယ်။ သူက ငမဲရွာမှာ အနီ(NLD ပါတီဝင်) ကင်းစင်ရေးလုပ်တာ။ အနီမှန်သမျှ အကုန်ဖမ်းခိုင်းတာ။ အရင်အုပ်ကြီးဟောင်း မိသားစုရော၊ တချို့ဆို နေအိမ်တွေ ပစ်ပြီးပြေးရတာ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာပဲ ည ၁၀ နာရီဝန်းကျင်မှာ ကံမမြို့၊ ကျောက်မဲရွာက ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အသက် ၅၀ အရွယ် ဦးကြက်ကြော်ဟာ ပျူစောထီး ခေါင်းဆောင် တယောက်ဖြစ်ပြီး အငြိမ်းစားစစ်သားတယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ညဘက်ကြီး ရွာအပြင်မှာပစ်ကြတာ၊ အပြန်အလှန်ပစ်ကြတာ၊။ သူက ရွာထဲပြန်ဝင်ပြီး အိမ်ထဲဝင်ပြေးတာ။ အိမ်ထဲအထိ လိုက်ပစ်လို့ သေရော။ သူက ပင်စင်စား၊ တပ်က သူ့ကို သေနတ်နဲ့ လက်ပစ်ဗုံးပေးထားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ဦးကြက်ကြော်ရဲ့ အလောင်းကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကံမမြို့က ကားနဲ့လာသယ်သွားပြီး နေ့လယ်ပိုင်းမှာ လိုက်ပို့သူတယောက်မှ မရှိဘဲ သင်္ဂြိုလ်လိုက်ရတယ်လို့ သိရပါတယ်။