မန္တလေး၊ပြည်ကြီးတံခွန်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁၀ နာရီ လောက်က မီးလောင်ခဲ့ပြီး နေအိမ် ၂၄ လုံးနဲ့ ဆိုင်ကယ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ကပြောပါတယ်။
ဋ ရပ်ကွက်၊ ကံကြီးကုန်းရပ်၊ ၁၂၅ လမ်းနဲ့ ၁၂၆ လမ်းကြား၊ ၅၁ လမ်းနဲ့ လမ်း ၅၀ ကြားမှာ မီးလောင်ခဲ့တာဖြစ်ပြီး ၁၀ ပေပတ်လည် သွပ်မိုး၊ ထရံကာ ၁ ထပ်အိမ်မှာ ဆိုလာနဲ့ ဘတ္ထရီအိုး တိုက်ရိုက်အားသွင်းထားရာကနေ ဘက်ထရီအိုးပွင့်ပြီး အနီးက အဝတ်ပုံကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မြို့ခံမီးသတ်တပ်ဖွဲ့ဝင်တယောက်က “အိမ်က စုစုပေါင်း ၂၄ လုံး၊ နှစ်ထပ်အိမ်က ၃ လုံး ပါတယ်။ လူထိခိုက်တာမျိုးတော့ မရှိခဲ့ဘူး။ ဆိုလာဘက်ထရီကနေ အပူလွန်ကဲပြီး လောင်တာ။ ကျန်တဲ့အသေးစိတ်တော့ စစ်ဆေးနေဆဲပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ၁၀ ပေပတ်လည် သွပ်မိုး၊ ထရံကာအိမ် ၆ လုံး၊ ၁၀ ပေ၊ ၁၅ ပေ အကျယ် သွပ်မိုး၊ ထရံကာ တထပ်အိမ် ၈ လုံး၊ ၁၀ ပေပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ် ၃ လုံး၊ ၁၅ ပေပတ်လည် တထပ်အိမ် ၂ လုံး၊ ၁၅ ပေ၊ ပေ၂၀ သွပ်မိုး၊ ထရံကာ တထပ် ၃ လုံး၊ ပေ၂၀၊ ပေ ၃၀ သွပ်မိုး၊ ထရံကာ တထပ် ၁ လုံး၊ ပေ ၃၀၊ ပေ ၄၀ သွပ်မိုး၊ ထရံကာ တထပ် ၁ လုံး စတဲ့ စုစုပေါင်း နေအိမ် ၂၄ လုံး ပျက်စီးသွားတဲ့အပြင် Kenbo 125 ဆိုင်ကယ် ၁ စီး၊ Jailing စူပါကတ် 110 ဆိုင်ကယ် ၁ စီးပါ ပျက်စီးသွားခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ရဲ့ စစ်ဆေးတွက်ချက်အရ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၂၀ ကျော်တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရမျိုး မရှိခဲ့ပါဘူး။
မီးလောင်မှုနေရာကို မန္တလေးခရိုင်အတွင်း မီးသတ်ဌာနတွေက မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးနဲ့ အရပ်ဖက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၀ နာရီ ၃၃ မိနစ်မှာ မီးထိန်းနိုင်၊ မနက် ၁၀ နာရီ ၃၆ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။
မီးလောင်မှုစတင်ဖြစ်ခဲ့တဲ့ အိမ်ရှင် အမျိုးသမီးကို ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေ ရဲစခန်းမှာ မီးပေါ့ဆမှုဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
မီးဘေးသင့်အိမ် ၂၄ လုံး၊ အိမ်ထောင်စု ၁၈ စုက အမျိုးသား ၆၅ ယောက်၊ အမျိုးသမီး ၇၄ ယောက်၊ စုစုပေါင်း ၁၃၉ ယောက်တို့ကို ကံကြီးကုန်းရပ်ကွက်က ရွာလယ် ဓမ္မသုခပါလ ဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။