ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က One Championship က ဦးဆောင်ကျင်းပတဲ့ One Friday 52 မှာ မြန်မာလက်ဝှေ့ဖိုက်တာတွေဖြစ်တဲ့ သံမဏိစိုးလင်းဦးနဲ့ သန့်ဇင်တို့က ပြိုင်ဘက်တွေဖြစ်တဲ့ ဂျပန်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတို့ကို အလဲထိုးအနိုင်ယူခဲ့ပြီး ဆုကြေးဘတ် ၃သိန်းခွဲစီရရှိခဲ့ပါတယ်။
မြန်မာလက်ဝှေ့ကျော် သံမဏိစိုးလင်းဦးဟာ ပထမဆုံးထိုးသတ်ရတဲ့ One Championship က ကျင်းပတဲ့ One Friday Fight ပွဲမှာ ပြိုင်ဘက်ဂျပန်ဖိုက်တာဆူဟာရှီကို တတိယအချီမှာ ဒူတိုက်ချက်၊ ဘယ်လက်သီး၊ ညာလက်သီးတွေနဲ့ အလဲထိုးနိုင်ခဲ့ပါတယ်။
သူဟာ ဒီပွဲမှာ အီတလီနိုင်ငံသားဖိုက်တာနဲ့ ထိုးသတ်ရမှာဖြစ်ပေမယ့် အီတလီမွေ့ထိုင်းဖိုက်တာက ဒဏ်ရာအခြေအနေကြောင့် နုတ်ထွက်သွားတာကြောင့် ဂျပန်နိုင်ငံသားဖိုက်တာနဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာလက်ဝှေ့သမား သန့်ဇင်ကလည်း စိုးလင်းဦးလိုပဲ ပထမဆုံးထိုးသတ်ခဲ့တဲ့ One Friday Fight ပွဲမှာ ပြိုင်ဘက်အိမ်ရှင်ထိုင်းနိုင်ငံသားဖိုက်တာ ဂျိုင်ဆင်းကို ဒုတိယအချီမှာ ဘယ်လက်သီးနဲ့ မေရိုးကို ထိထိမိမိထိုးနိုင်တာကြောင့် ဂျိုင်ဆင်းဖင်ထိုင်လဲကျသွားပြီး ပြန်ထခဲ့ပေမယ့် မူးဝေနေတာကြောင့် ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
ပထမဆုံးထိုးသတ်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်တွေကိုအနိုင်ရရှိခဲ့တာကြောင့် စိုးလင်းဦးနဲ့ သန့်ဇင်တို့ကို One Championship က ဆုကြေးဘတ် ၃သိန်းခွဲစီ ချီးမြှင့်ခဲ့ပါတယ်။