မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကော့ကဒိုက်ကျေးရွာအုပ်စုက အမျိုးသားတယောက်ကို ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ပေါင်မြို့ခံတွေဆီက သိရပါတယ်။
ရေတွင်းကုန်းကျေးရွာမှာနေထိုင်တဲ့ ကိုသန်းဝန်းအောင်ကို PDF တွေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက သူ့နေအိမ်မှာပဲ ပစ်ခတ်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ကိုသန်းဝင်းအောင်မှာ ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာရခဲ့လို့ စိုးရိမ်ရတယ်လို့ ပေါင်မြို့ခံတယောက်က ပြောပါတယ်။
“ကိုသန်းဝင်းအောင်ကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး လာဖမ်းတာတဲ့အချိန်မှာ သူ့မှာသေနတ်ရှိတယ်ဆိုပြီး ပစ်ဖမ်းသွားတာ။ ဒဏ်ရာက အခြေအနေ တော်တော်ဆိုးတယ်။ သူ့ကို PDF နဲ့စပ်ဆက်တယ်ဆိုပြီး ဒဏ်ရာတွေကို ဆေးမကုပေးဘဲ စစ်ကြောရေးကို ခေါ်သွားတာ။ အခု ကိုသန်းဝင်းအောင်သေသွားပြီဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ သေချာတော့မသိသေးဘူး” လို့ပြောပါတယ်။
စစ်ကောင်စီကတော့ သတင်းပေးလာတာကြောင့် PDF အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုသန်းဝင်အောင်ကို သွားရောက်ဖမ်းဆီးတုန်းမှာ ပြန်လည်ခုခံပစ်ခတ်တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သူ့ဆီကနေ ပစ္စတို ၁ လက်၊ ဓား ၁ ချောင်းနဲ့ လေးခွ ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်မှာ ပြည်သူ ၉၀၀ ထက်မနည်းကို စစ်ကောင်စီဘက်က ဖမ်းဆီးထားတယ်လို့ ဖေဖော်ဝါရီ ၁ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF) ရဲ့ စာရင်းအရ သိရပါတယ်။