ရုရှားသင်္ဘောကြီးကို ဖျက်ဆီးလိုက်ကြောင်း ယူကရိန်းက ပြောကြားပြီးတဲ့ နောက်တရက်အကြာမှာပဲ မော်စကိုဟာ သူ့ရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စုကြီးရဲ့ တပ်မှူးကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း ရုရှားစစ်တပ် ဘလော့ဂါတွေနဲ့ ကရင်မလင် အကြံပေးဟောင်းတဦးတို့က ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး ဗစ်တာ ဆိုကိုလော့ဗ်ကို ထုတ်ပယ်ကြောင်း တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။
ယူကရိန်းကို ရုရှားရဲ့ ‘စစ်ဆင်ရေး’ လုပ်ဆောင်တဲ့ လအနည်းငယ်အတွင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဆိုကိုလော့ဗ်ဟာ သူ့ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
သူ့ကို ခန့်အပ်အပြီးမှာပဲ ယူကရိန်းဒုံးကျည်တွေကြောင့် ရုရှားရဲ့ ဦးဆောင်စစ်သင်္ဘော မော့စ်ခ်ဗာ နစ်မြုပ်တာ အပါအဝင် ပင်လယ်နက်ရေတပ်အတွက် အရှက်တကွဲ ချေမှုန်းခံရမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
ကွပ်ကဲမှု ပြောင်းလဲခဲ့ပေမဲ့လည်း ရုရှားစစ်သင်္ဘောတွေဟာ နှိုင်းယှဥ်ကြည့်ရင် သူ့ရေတပ်ထက် သေးငယ်တဲ့ ယူကရိန်းတပ်ဖွဲ့တွေဆီကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက်ခံနေရတာပါ။
ယူကရိန်းဟာ ရုရှားသင်္ဘောတွေကို တိုက်ခိုက်ဖို့အတွက် ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထုပ်ပိုးတပ်ဆင်ထားတဲ့ မောင်းသူမဲ့ ရေတပ်ဒရုန်းတွေကို အသုံးပြုခဲ့ပြီးတော့ သူတို့ကို ပင်လယ်နက်ရဲ့ အစိတ်အပိုင်းတွေကနေ မောင်းထုတ်ဖို့ ကြိုးစားပြီး အရေးကြီးတဲ့ စပါးပို့ဆောင်ရေးလမ်းကြောင်းကို ဖွင့်နိုင်စေခဲ့ပါတယ်။
ရုရှားတို့ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကမ်းလွန်မှာ ရုရှား ကမ်းတက်စစ်သင်္ဘော ဆီဇာ ကူနီကော့ဗ်ကို ယူကရိန်းဒရုန်းက ဖျက်ဆီးပစ်ခဲ့ပြီး သင်္ဘောရဲ့ ဆိပ်ကမ်းဘက်ခြမ်းကို ချိုးဖျက်ထိခိုက်မိပြီးတော့ နစ်မြုပ်သွားခဲ့ကြောင်း ယူကရိန်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပေမဲ့ ရုရှားဘက်ကတော့ မှတ်ချက်ပေးခြင်း မရှိခဲ့ပါဘူး။
တိုက်ပွဲစဖြစ်တဲ့နေ့ကနေ ဒီနေ့အထိ ရုရှားစစ်ရေယာဉ် ၂၅ စီးအပြင် သင်္ဘောတစင်းနဲ့ ရေငုပ်သင်္ဘောတစင်းတို့ကို ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီး ဆိုကိုလော့ဗ်ကို ဖယ်ရှားလိုက်တာကို ရုရှားစစ်တပ် ဘလော့ဂါတွေနဲ့ ကရင်မလင် အကြံပေးဟောင်း ဆာဂျီ မာကို့ဗ် တို့က ဘယ်သတင်းရင်းမြစ်ကိုမှ မကိုးကားဘဲ အစီရင်ခံ တင်ပြခဲ့ကြတာပါ။
ပဋိပက္ခကာလအတွင်း ရုရှားဟာ လူသိရှင်ကြား ကြေညာခြင်းမပြုဘဲ အကြီးတန်း စစ်ဘက်အရာရှိတွေကို မကြာခဏ ရာထူးအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။
Source/Photo-Reuters