တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က အမြောက်တပ်ရင်းနားမှာ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဒေသခံတယောက်မိုင်းနင်းမိပြီး ကယ်မဲ့သူမရှိလို့ သွေးထွက်လွန် သေဆုံးခဲ့ရပါတယ်။
တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာ ၃၀၆ အမြောက်တပ်ရင်းနားက မြို့ဟောင်းကုန်းမှာ ကော့မပြင်းရွာသား အသက် ၃၀ အရွယ် ကိုနေဇော်ဦးဟာ ည ၈ နာရီလောက်က မိုင်းနင်းမိခဲ့တာပါ။
ဒေသခံတယောက်က “မြို့ဟောင်းကုန်းဝင်ဖို့ဆိုတာ အမြောက်တပ်ဖြတ်ပြီးမှ ဝင်ရတာလေ။ အမြောက်တပ်ကို ညဘက်မှောင်စပြုလာတော့ ဖြတ်မရဲဘဲနဲ့ အမြောက်တပ်နားက လယ်ကွင်းဘက်ကနေ ဆင်းသွားပြီး မြို့ဟောင်းကုန်းကို ဖြတ်တက်တာထင်တယ်။ အဲမှာ မိုင်းထိတာပါ” လို့ ပြောပါတယ်။
အဲဒီ ညက မိုင်းပေါက်ကွဲသံကြားရတာကြောင့် တပ်ရင်းအနီးတဝိုက်မှာနေထိုင်တဲ့ ရွာခံတွေက ၃၀၆ အမြောက်တပ်ကို ဖုန်းဆက်အကြောင်းကြားခဲ့ပေမဲ့ တပ်ရင်း နောက်တရက်မနက် ၈ နာရီအချိန်လောက်မှပဲ သေဆုံးနေတဲ့ ကိုနေဇော်ဦးရဲ့ ရုပ်အလောင်းကို သယ်ထုတ်လာတာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အနောက်မော်တုန်းရွာသားတယောက်က “မိုင်းနင်းမိပေါက်ကွဲတယ်ဆိုတာကို ရွာသားတွေ သိတယ်။ သိတော့ အမြောက်တပ်ကို ဖုန်းဆက်ပေးတာ၊ အမြောက်တပ်က သွားမယူပေးတော့ ဘယ်သူမှလည်း သွားမယူရဲကြဘူးလေ။ သွားယူပါပြောလည်း ဘယ်သူမှလည်း သွားယူရဲမှမဟုတ်ဘူး။ ညကြီး မိုင်းဘယ်မှာ ထောင်ထားမှန်းမသိဘဲ။ မိုင်းက ပတ်ပတ်လည်ထောင်ထားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီ ၃၀၆ အမြောက်တပ်က ထောင်ထားတဲ့ မိုင်းဖြစ်တယ်လို့လည်း ဒေသခံပြည်သူတွေက ပြောဆိုနေကြပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်နိုင်တာကြောင့် တပ်ရင်းအနီးပတ်ပတ်လည်မှာ အခုလို မိုင်းတွေ အများအပြားထောင်ထားတာလို့ ဆိုပါတယ်။
မိုင်းနင်းမိတဲ့ ကိုနေဇော်ဦးရဲ့ ညာဘက်ခြေထောက်မှာ ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး အော်ဟစ်နေပေမဲ့ လာရောက်ကယ်တာမျိုးမရှိတာကြောင့် သွေးထွက်လွန် သေဆုံးတာလို့ ရွာခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အချိန်မီရင် လုံးဝ သေမှာ မဟုတ်ဘူး၊ ခြေထောက်အောက်ပိုင်းနားမှာ အသားတွ ေပြတ်တောက်သွားတာလောက်ပဲ။ သွေးဆင်းရင်း တကိုယ်လုံး ဖြူသွားတာ၊ သွေးထွက်လွန်ပြီး သေသွားတာပါ။ အဲညက သူအော်ဟစ်နေတာ၊ မနက်မှ သေတာထင်တယ်” လို့ ပြောပါတယ်။
သေဆုံးသူ ကိုနေဇော်ဦးရဲ့ရုပ်အလောင်းကို စစ်ကောင်စီတပ်က ၃၀၆ အမြောက်တပ်နားက သင်္ချိုင်းတခုမှာ မြှုပ်နှံလိုက်တယ်လို့ ဒေသခံတွေ ပြောဆိုချက်အရ သိရပြီး ဒီဗွီဘီအနေနဲ့ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းဖို့အတွက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဒါဟာ အဲဒီတပ်နားမှာ ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် မိုင်းနင်းသေဆုံးတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အသက် ၆ဝ အရွယ် ဦးဟာဂျီဆိုသူ မိုင်းနင်းမိလို့ သေဆုံးခဲ့ပါသေးတယ်။