ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လူ ၅ ယောက်ထက်ပိုပြီး မစုဝေးဖို့ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က လူအင်အားရာနဲ့ချီပြီး ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထောက်ခံပွဲကို ပုသိမ်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ Ocean Super Center ရှေ့မှာ ပုသိမ်မြို့နယ်အတွင်းက စစ်တပ်ထောက်ခံသူတွေ၊ မဘသတွေနဲ့ ကြံ့ခိုင်ရေးပါတီ ဝင်တွေ စုပေါင်းပြီး ပြုလုပ်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အင်အား ၂၀၀ ကျော်လောက်နဲ့ ပေါ်တာဆွဲမှာကြောက်လို့ လူတွေအပြင်မထွက်တဲ့ အချိန်မှာ အရူးထနေကြတာ။ အဲဒီ ထောက်ခံပွဲကို ပုသိမ်မြို့ပေါ်က လူလိုအသိရှိတဲ့လူတွေ ဘယ်သူမှစိတ်မဝင်စားပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အရ ပုသိမ်မြို့နယ်အတွင်း ဘယ်နေရာမှာမှ လှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်၊ ပြစ်မှုတစုံတရာ ကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ လူ ၅ ယောက် ဒါမှမဟုတ် ၅ ယောက်ထက်ပိုတဲ့လူတွေဟာ စုဝေးတာ၊ လမ်းလျှောက်တာ၊ စီတန်းလှည့်လည်တာ၊ ဟောပြောတာ၊ ဟစ်အော်ကြွေးကြော်တာနဲ့ လှုံ့ဆော်တာတွေ မလုပ်ဖို့ တားမြစ်ထားတာပါ။
အဲဒီလို ထုတ်ပြန်ထားပေမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံပွဲကို စစ်ကောင်စီလက်အောက်ခံတွေကိုယ်တိုင် အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။