Home
မြန်မာသတင်း
မြစ်ကြီးနားတွင် လူငယ် ၅ ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်
DVB
·
February 16, 2024
Myitkyina_16022024

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က နောင်ရာပါကွင်းမှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီရဲနဲ့ စစ်သားတွေက လူငယ် ၅ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်အများစုဟာ နောင်ရာပါကွင်းမှာ လာရောက် အပန်းဖြေနေတဲ့သူတွေဖြစ်ပြီး စစ်ကောင်စီက အရပ်သားကားနဲ့ ခေါ်ဆောင်သွားတယ်လို့ မြစ်ကြီးနားမြို့နေ လူငယ်တဦးက ပြောပါတယ်။

“၄ နာရီလောက် ကျနော်တို့က ဘောလုံးကစားပြီး ပြန်မယ့်အချိန်မှာ အရပ်ဝတ်ကားနဲ့ လာဖမ်းသွားတာ တွေ့လိုက်တယ်။ ပါဂျဲရိုးကားနဲ့ အရပ်ဝတ်တွေပဲ သေနတ်တွေလည်းပါတယ်၊ ကျနော်တို့နဲ့ နည်းနည်းတော့လှမ်းတယ်။ အဲလို လူစုနေတာတွေ့တာနဲ့ အိမ်ကိုပဲ အမြန်ပြန်ခဲ့တာ။” 

အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးတဲ့သူတွေဟာ စစ်ကောင်စီတပ်သားတွေဖြစ်ပြီးတော့ လူငယ် ၅ ဦးထက်မနည်း ဖမ်းခေါ်သွားကာ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“သူတို့ သေနတ်တွေ၊ ကျည်ကာတွေကို ကြည့်ရင်တော့ စစ်တပ်(စကစ)ကလူတွေပဲ၊ ရဲတွေ ပါမှာပဲ။ ကျနော်လည်း ခဏပဲတွေ့ပြီး ပြေးခဲ့ရတာဆိုတော့ အခု ပြန်ကြားရတာက ၄ ယောက် ၅ ယောက်လောက် ပါသွားတယ်ကြားတယ်။ အတိအကျတော့ မသိဘူး။” 

လူငယ်တွေ ဖမ်းခံရတဲ့ နောင်ရာပါကွင်းဟာ လူငယ်အများစု အဖွဲ့လိုက် လာရောက် အပန်းဖြေလေ့ရှိတဲ့နေရာဖြစ်သလို ညနေပိုင်းမှာ အားကစားလုပ်တဲ့သူနဲ့ ဘောလုံးလာကစားတဲ့ လူငယ်တွေ အများအပြားရှိတဲ့ နေရာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ညကလည်း မြစ်ကြီးနား တပ်ကုန်းဘက်မှာ ဖမ်းဆီးခံရတဲ့ လူငယ်တွေ ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013